CNI International News
ဘန်ကောက်၊ မတ်လ ၅
အီရန်နှင့် အမေရိကန်-အစ္စရေးကြား စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ မြင့်တက်နေချိန်၌ အာရှနိုင်ငံများမှ အစိုးရအများစုသည် လာမည့် တစ်လစာအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ အရန်သင့်ရှိနေ ကြောင်း The Nation မှ ဖော်ပြခဲ့သည်။
အရှေ့အလယ်ပိုင်းစစ်ပွဲ အရှိန်မြင့် လာသည်နှင့်အမျှ ထိုပဋိပက္ခသည် သီတင်းပတ်ပေါင်းများစွာ ကြာမြင့်မည် ဆိုသည့်တိုင် ၎င်းတို့ထံတွင် လုံလောက်သော ရေနံနှင့် ဓာတ်ငွေ့ အရန်အင်အားများ ရှိနေသေးကြောင်း အာရှနိုင်ငံ များမှ အစိုးရများက အများပြည်သူနှင့် ဘဏ္ဍာရေးဈေးကွက်ကို အာမခံချက်ပေးနိုင်ရန် ကြိုးပမ်းနေကြခြင်း ဖြစ် သည်။
လတ်တလောတွင် အာရှနိုင်ငံအများစု၌ ငွေကြေးဖောင်းပွမှုနှုန်းသည် ထိန်းချုပ်နိုင်သော အဆင့်၌ ရှိနေသဖြင့် ယခုတစ်ကြိမ် ရေနံဈေးနှုန်း မြင့်တက်မှုကို ခံနိုင်ရည်ရှိပုံပေါ်ကြောင်း ING ဘဏ်၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ သုတေသနဌာနအကြီးအကဲ ဒီပါလီ ဘာဂါဗာ (Deepali Bhargava) က ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်တွင် ဟော်မုဇ်ရေလက်ကြားမှတဆင့် နေ့စဉ် ရေနံစိမ်းစည်ပေါင်း ၁၃ ဒသမ ၄ သန်းခန့် တင်ပို့ခဲ့ပြီး ထိုပမာဏသည် တစ်ကမ္ဘာလုံးရှိ ပင်လယ်ရေကြောင်း ရေနံကုန်သွယ်မှု စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းခန့် ရှိသည်ဟု Nikkei Asia သတင်း၌ ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံက စက်သုံးဆီဆိုင်ကို တွေ့ရစဉ်
အဆိုပါ ရေနံတင်ပို့မှု စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော်မှာ အာရှနိုင်ငံများသို့ ဦးတည်တင်ပို့ခြင်း ဖြစ်သည်။
ဂျပန်နိုင်ငံကမူ ၎င်းတို့တွင် နောက်ထပ်ရက်ပေါင်း ၂၅၄ ရက်စာအတွက် လုံလောက်သော ရေနံအရန်အင်အား ရှိကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံများတွင်လည်း သီတင်းသုံးပတ်စာအတွက် လုံလောက်သည့် LNG လက်ကျန်များရှိကြောင်း ပြောကြားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံကလည်း စွမ်းအင် လိုအပ်ချက်ကို လအနည်းငယ်ကြာ ဖြည့်ဆည်းပေးနိုင်ရန် လုံလောက် သော ရေနံအရန်အင်အား ရှိကြောင်း ဆိုသည်။
တရုတ်နိုင်ငံတွင် ရက်ပေါင်း ၂၀၀ စာ တင်သွင်းမှုနှင့် ညီမျှသော ရေနံစည်ပေါင်း ၁ ဒသမ ၅ ဘီလျံအထိ သိုလှောင် ထားကြောင်း Societe Generale ရင်းနှီးမြှုပ်နှံမှုဘဏ်၏ ကမ္ဘာလုံးဆိုင်ရာ ကုန်စည်စီးဆင်းမှုဌာန အကြီးအကဲ မိုက်ယ် ဟုချ် (Michael Hague) က ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံသည် ရုရှားရေနံများကို အစားထိုး ဝယ်ယူမှုများ တိုးမြှင့်နိုင်ခြေရှိကြောင်း Kpler မှ လေ့လာ သူများက သုံးသပ်ကြသည်။
အိန္ဒိယနိုင်ငံကလည်း မြေအောက်လိုဏ်ဂူများ၊ ရေနံချက် စက်ရုံများနှင့် ပြည်တွင်းဆိပ်ကမ်းရှိ သိုလှောင်ကန် များတွင် သိုလှောင်ထားသော ရေနံများ အပါအဝင် ၇၄ ရက်စာအတွက် ရေနံအရန်အင်အားရှိကြောင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ဝန်ကြီးက လွှတ်တော်ကို တင်ပြခဲ့သည်။

မြန်မာနိုင်ငံက စက်သုံးဆီဆိုင်ကို တွေ့ရစဉ်
ဖိလစ်ပိုင်နိုင်ငံကလည်း ၎င်းတို့တွင် နှစ်လနီးပါးစာအတွက် လုံလောက်သော စွမ်းအင် အရန်အင်အားရှိကြောင်း ပြောကြားခဲ့သည်။
အလားတူ အင်ဒိုနီးရှားနိုင်ငံကလည်း ၎င်းတို့တွင် ရက်ပေါင်း ၂၀ ခန့်စာအတွက် လုံလောက်သော လောင်စာဆီ လက်ကျန်ရှိကြောင်းနှင့် အရှေ့အလယ်ပိုင်း ပဋိပက္ခ အရှိန်မြင့်လာလျှင်ပင် ပြည်တွင်းရှိ လောင်စာဆီဈေးနှုန်း ထောက်ပံ့ကူညီမှု အစီအစဉ်များကို ထိခိုက်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ထိုင်းဝန်ကြီးချုပ် အနူတင်(Anutin Charnvirakul) ကလည်း ထိုင်းနိုင်ငံတွင် အနည်းဆုံး ရက်ပေါင်း ၆၀ စာ အတွက် လုံလောက်သော ရေနံ အရန်အင်အားရှိကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံကလည်း ရက်ပေါင်း ၄၀ စာအတွက် ရေနံအလုံအလောက်ရှိသလို လောင်စာဆီ သင်္ဘော ၂ စင်း လည်း ကမ်းကပ်ထားကြောင်း၊ နောက်ထပ် လောင်စာဆီ သင်္ဘော ၂၄ စင်းလည်း လာရောက်နေကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
Source: The Nation
