CNI International News
ဂျေရုဆလင်၊ မတ်လ ၅
အီရန်ကို အမေရိကန်နှင့်အစ္စရေးက ပူးတွဲ တိုက်ခိုက်ခဲ့ပြီးနောက် ကမ္ဘာ့စွမ်းအင်နှင့် ရွှေ-ဒေါ်လာ ဈေးကွက်သည် အကြီးအကျယ် ရိုက်ခတ်သွားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်တပ်ဖွဲ့များက အီရန်ကို ၂၄ နာရီပတ်လုံး ထိုးစစ်ဆင်မှုများကို မတ်လ ၄ ရက်တွင် ဆက်လက် လုပ်ဆောင်ခဲ့ပြီး အစ္စရေးကလည်း အီရန်၏ ဒုံးကျည်စခန်းများနှင့် လေကြောင်းကာကွယ်ရေးစနစ်များအား ပစ်မှတ်ထား တိုက်ခိုက်နေသည်။
အမေရိကန်ထိပ်သီး တပ်မှူးတစ်ဦးကမူ ယခုစစ်ဆင်ရေးသည် ကြိုတင် သတ်မှတ်ထားသည့် အစီအစဉ်ထက်ပင် ရှေ့ကိုကြိုရောက်နေသည်ဟု ပြောကြားခဲ့သည်။
အမေရိကန်က အီရန်ဘာသာရေး ခေါင်းဆောင်ပိုင်းကို လျင်မြန်စွာ ဖြုတ်ချနိုင်ရန် အစောပိုင်းတွင် မျှော်လင့်ခဲ့ သော်လည်း အီရန်သည် အစ္စရေးနှင့် ပင်လယ်ကွေ့ ဒေသတဝိုက်ကို တုန့်ပြန်တိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေဆဲ ဖြစ်သည်။
ထို့ပြင် ဖေဖော်ဝါရီ ၂၈ ရက်က တိုက်ခိုက်မှုများအတွင်း သေဆုံးသွားခဲ့သော အီရန်အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) ၏ နေရာတွင် ဆက်ခံရန် ခေါင်းဆောင်သစ်တစ်ဦးကို ရွေးချယ်မည်ဟုလည်း ကတိပြုထားသည်။

စစ်ပွဲအတွင်းက အီရန်အလံကို တွေ့ရစဉ်
စစ်ပွဲသည် ၅ ရက်မြောက်နေ့ကို ရောက်ရှိလာသည်နှင့်အမျှ ရေနံနှင့် ဓာတ်ငွေ့ အဓိကတင်ပို့သည့် အရှေ့အလယ် ပိုင်းဒေသတွင်း၌ ပဋိပက္ခများ ကြာရှည်လာမည်ကို စိုးရိမ်မှုများကြောင့် ကမ္ဘာ့ဈေးကွက်များ ရိုက်ခတ်မှု ဖြစ်ပေါ်ခဲ့ သည်။
စိတ်ချရသည့် ရင်းနှီးမြှုပ်နှံမှုအဖြစ် သတ်မှတ်ခံထားရသည့် ရွှေနှင့် ဒေါ်လာများကို ဝယ်လိုအား မြင့်တက်လာ ခြင်းကြောင့် ရွှေစျေးနှင့် ဒေါ်လာစျေးများ မြင့်တက်လာခဲ့သည်။
လေကြောင်းလိုင်းများနှင့် ခရီးသွားလုပ်ငန်းများသည် ဖျက်သိမ်းလိုက်ရသော လေကြောင်းခရီးစဉ်ပေါင်း ၂၀,၀၀၀ ကျော်အတွက် အပူတပြင်း ကိုင်တွယ် ဖြေရှင်းနေရသလို အစိုးရများကလည်း အရှေ့အလယ်ပိုင်းတွင် သောင်တင် နေသော ခရီးသွားများကို နေရပ်သို့ပြန်နိုင်ရန် ကြိုးပမ်းနေကြသည်။
အမေရိကန် စစ်ဆင်ရေး တစ်ခုလုံးကို ကြီးကြပ်ရသည့် အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) ၏ အကြီးအကဲ ဖြစ်သူ ရေတပ်ဗိုလ်ချုပ်ကြီး ဘရတ်ကူးပါး (Brad Cooper) ကမူ အီရန်နိုင်ငံကို ရေကြောင်းမှအစ အာကာသနှင့် ဆိုက်ဘာနယ်ပယ်အထိ ၂၄ နာရီပတ်လုံး တိုက်ခိုက်နေကြောင်း ပြောကြားခဲ့သည်။

ရွှေ-ဒေါ်လာနဲ့ စွမ်းအင်ကိုတွေ့ရစဉ်
ထိုစစ်ဆင်ရေးတွင် စစ်သည်အင်အား ၅၀,၀၀၀၊ တိုက်လေယာဉ် အစင်း ၂၀၀ နှင့် လေယာဉ်တင်သင်္ဘော ၂ စင်း ပါဝင်နေပြီး နောက်ထပ် စစ်လက်နက် ကိရိယာများလည်း လာရောက်ရန် ရှိနေသည်ဟု ၎င်းက ဆိုသည်။
အီရန်၏ လေကြောင်းကာကွယ်ရေးစနစ်များမှာ ဆိုးဆိုးရွားရွား ပျက်စီးသွားပြီဖြစ်ကြောင်း၊ အဓိကကျသည့် ရေပြင်များတွင် အီရန်ရေတပ်သင်္ဘော ၁၇ စင်း နစ်မြုပ်သွားခဲ့ပြီးနောက် လက်ရှိတွင် အီရန်၌ စစ်ဆင်ရေး လုပ်ဆောင်နိုင်သည့် သင်္ဘောတစ်စင်းမျှ မကျန်တော့ကြောင်း၊ အီရန်၏ ပစ်မှတ်ပေါင်း ၂၀၀၀ ကျော်ကို တိုက်ခိုက်ခဲ့ပြီးဖြစ်ကြောင်း မတ်လ ၃ ရက် ညနေပိုင်းက သတင်းစာရှင်းလင်းပွဲတွင် ကူးပါးက ပြောကြားခဲ့သည်။
“ကျနော့်ရဲ့ စစ်ဆင်ရေးဆိုင်ရာ ခြုံငုံသုံးသပ်ချက်အရဆိုရင် ကျနော်တို့ဟာ သတ်မှတ်ထားတဲ့ စီမံကိန်းထက် ရှေ့ကို ကြိုရောက်နေပါတယ်။ အရိုးရှင်းဆုံး ပြောရရင်တော့ ကျနော်တို့ကို ပြန်တိုက်နိုင်တဲ့ အရာမှန်သမျှကို အဓိကထားပြီး ပစ်ခတ်ဖျက်ဆီးနေတာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
အစ္စရေးစစ်တပ်ကလည်း မတ်လ ၄ ရက်တွင် အီရန်၏ ဒုံးကျည်ပစ်လွှတ်စင်များ၊ လေကြောင်းကာကွယ်ရေး စနစ် များနှင့် တစ်နိုင်ငံလုံးကို ထိန်းချုပ်ကွပ်ကဲနေသည့် ဗဟိုဌာနချုပ်များကို ပစ်မှတ်ထားကာ ပြင်းထန်သည့် တိုက်ခိုက် မှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
