CNI International News

ဝါရှင်တန်၊ မေလ ၂၂

အမေရိကန်နှင့် အီရန်ကြား စစ်ပွဲရပ်စဲရေး ဆွေးနွေးမှုများ မရေမရာဖြစ်နေချိန်တွင် ဆယ်စုနှစ်များစွာအတွင်း ပြည်တွင်း/ပြည်ပ တိုက်ခိုက်မှုများနှင့် ဆက်နွယ်နေသည့် အီရန်၏ သဘောထားတင်းမာသော ဗိုလ်မှူးချုပ် အာမက် ဝါဟီဒီ (Ahmad Vahidi) သည် အဓိကအခန်းကဏ္ဍမှ ပါဝင်လာခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကို ဦးဆောင်နေသည့် ဗိုလ်မှူးချုပ် ဝါဟီဒီသည် အမေရိကန်နှင့် ဆွေးနွေးပွဲများတွင် အီရန်၏ တင်းမာသော ရပ်တည်ချက်ကို ပုံဖော်ရာ၌ အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု ကျွမ်းကျင်သူများက ပြောသည်။

ဝါဟီဒီသည် အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုတွင် ဒဏ်ရာရရှိခဲ့ပြီးနောက် ပုန်းအောင်းနေရသော အီရန် ခေါင်းဆောင်သစ် အာယာတိုလာ မိုဂျတာဘာ ခါမေနီ (Ayatollah Mojtaba Khamenei) နှင့် တိုက်ရိုက် အဆက်အသွယ်ရှိသည့် လူနည်းစု အဖွဲ့ဝင်များထဲမှ တစ်ဦးလည်း ဖြစ်သည်။

စစ်ပွဲ စတင်ကတည်းက အီရန် ခေါင်းဆောင်ပိုင်းအတွင်း အားပြိုင်မှုများ ရှိနေသဖြင့် ဝါဟီဒီကို ဖေဖော်ဝါရီလ ဆန်းပိုင်းကတည်းက လူမြင်ကွင်းတွင် မတွေ့ရတော့ပေ။

ထို့ပြင် သူသည် မေလ ၂၁ ရက်က တီဟီရန် (Tehran) မြို့တော်၌ ပါကစ္စတန်ပြည်ထဲရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ သည်ဆိုသည့် သတင်းများနှင့်ပတ်သက်ပြီး ငြင်းခုံမှုများ ပေါ်ပေါက်နေသည်။

သေဆုံးသွားတဲ့ ခါမေနီထောက်ခံသူများကို တွေ့ရစဉ်

အလွန်ရှုပ်ထွေးလှသည့် အီရန်၏ စနစ်ဟောင်းကြီးတွင် ဝါဟီဒီသည် ဒေသတွင်း လက်နက်ကိုင်အဖွဲ့များကို ပံ့ပိုးပေးခဲ့သူဖြစ်ပြီး ၁၉၉၄ ခုနှစ်က အာဂျင်တီးနားရှိ ဂျူးစင်တာ ဗုံးခွဲမှု၌ ပါဝင်ခဲ့သည်ဟု စွပ်စွဲခံထားရသူ ဖြစ်သည်။

ထို့ပြင် သူသည် ၂၀၂၂ ခုနှစ်က ပြည်တွင်း ဆန္ဒပြသူများကို အင်အားသုံး နှိမ်နင်းရာတွင်လည်း လုံခြုံရေးတပ်ဖွဲ့များ ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။

ယခုနှစ်အတွင်း တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ တပ်မှူးအဖြစ် ရာထူးတိုးမြှင့် ခံရပြီးနောက် ဝါဟီဒီသည် ပင်လယ်ကွေ့ ရေကြောင်းကို ခြိမ်းခြောက်နေသည့် ဒုံးကျည် လက်နက်များနှင့် ရေတပ်မှ တပ်ဖွဲ့များကို တာဝန်ယူကွပ်ကဲနေသည်။

ဝါဟီဒီနှင့် ၎င်း၏ အတွင်းစည်းတွင် ပါဝင်သူများသည် စစ်ရေး တုံ့ပြန်မှုများသာမက အီရန်၏ ဆွေးနွေးပွဲ မူဝါဒ များကိုပါ ထိန်းချုပ်ထားနိုင်ကြောင်း ဝါရှင်တန်အခြေစိုက် စစ်ပွဲလေ့လာရေးအဖွဲ့ (ISW) က သုံးသပ်ထားသည်။

Source: အေပီ