CNI International News

ဝါရှင်တန်၊ မေလ ၂၆

အမေရိကန်အနေဖြင့် အီရန်နှင့် ခိုင်မာသော သဘောတူညီမှု မရပါက အခြားနည်းလမ်း တစ်ခုခုဖြင့် ရင်ဆိုင်သွား မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio)က ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က စစ်ပွဲ အဆုံးသတ်ရေး သဘောတူညီချက် တစ်ခုရရှိရန် နီးကပ်နေပြီဆိုသည့် မျှော်လင့်ချက်များကို လျှော့ချလိုက်ပြီးနောက် ရူဘီယို၏ ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

“ကျနော်တို့ မနေ့ညက ဒါမှမဟုတ် ဒီနေ့မှာ သတင်းထူးအချို့ ရလိမ့်မယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီအပေါ်မှာ အများကြီး ကြိုတင် တွေးမထားစေချင်ပါဘူး။ ဟော်မုဇ်ရေလက်ကြားကို သူတို့ ပြန်ဖွင့်ပေးနိုင်မယ့် အခြေအနေနဲ့ ပတ်သက်လို့ ကျနော်တို့ဆီမှာ တော်တော်လေး ခိုင်မာတဲ့ အဆိုပြုချက်တစ်ခု ရှိနေပြီလို့ ထင်ပါတယ်”ဟု ရူဘီယို က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်သို့ ရောက်ရှိနေချိန်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနဲ့ အိန္ဒိယပြည်ပရေးရာဝန်ကြီး ဂျိုင်ရှန်ကာကို တွေ့ရစဉ်

“ကျနော်တို့အနေနဲ့ ကောင်းမွန်တဲ့ သဘောတူညီချက်တစ်ခု ရရှိအောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အဲဒီလို ဖြစ်မလာရင်တော့ အခြားနည်းလမ်း တစ်ခုခုနဲ့ ဖြေရှင်းသွားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကောင်းမွန်တဲ့ သဘောတူညီ ချက်တစ်ခု ရရှိဖို့ကိုပဲ ပိုပြီး လိုလားပါတယ်”ဟု ရူဘီယိုက ပြောကြားခဲ့သည်။

အမေရိကန်နှင့် အီရန်တို့သည် ဧပြီ ၈ ရက်နေ့ကတည်းက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့သော် လည်း အီရန်က ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောအများစု သွားလာမှုကို ဆက်လက် ပိတ်ဆို့ထားဆဲဖြစ်ပြီး၊ အမေရိကန်ကလည်း အီရန်၏ ဆိပ်ကမ်းများကို ပိတ်ဆို့ထားဆဲဖြစ်သည်။

“အမေရိကန်ရဲ့ ပိတ်ဆို့မှုဟာ သဘောတူညီချက်တစ်ခု ရရှိပြီး၊ အတည်ပြု လက်မှတ် ရေးထိုးနိုင်တဲ့အထိ အပြည့်အဝ ဆက်လက် သက်ရောက်မှု ရှိနေမှာ ဖြစ်တယ်။ နှစ်ဖက်စလုံး အနေနဲ့ အချိန်ယူပြီး သေချာ မှန်ကန် အောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်” ဟု မေလ ၂၄ ရက်တွင် ထရမ့်က ၎င်း၏ Truth Social လူမှုမီဒီယာ၌ ရေးသားခဲ့သည်။

 အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

မေလ ၂၄ ရက်က တီဟီရန် (Tehran) မြို့တော်တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ အီရန်နိုင်ငံခြား ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါအီ (Esmaeil Baghaei) က အီရန်နှင့် အမေရိကန် တို့သည် ဆွေးနွေးမည့် အကြောင်းအရာ အများစုအပေါ် သဘောထား အမြင်ချင်း တူညီမှု ရရှိထားပြီဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ထိုအခြေအနေသည် သဘောတူညီချက် လက်မှတ်ရေးထိုးရန် နီးကပ်နေသည့် အဓိပ္ပာယ် မဟုတ်ကြောင်း သတိပေးခဲ့သည်။

ထို့ပြင် လက်ရှိ အဆင့်တွင် အီရန်နှင့် အမေရိကန်တို့သည် နျူကလီးယားကိစ္စကို ဆွေးနွေးနေခြင်း မဟုတ်ဘဲ စစ်ပွဲ အဆုံးသတ်ရေးကိုသာ အဓိက အာရုံစိုက်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

မည်သည့် သဘောတူညီချက်တွင်မဆို အမေရိကန်အနေဖြင့် ၎င်း၏ ကတိကဝတ်များကို လိုက်နာမည်ဆိုသည့် အာမခံချက်မရှိကြောင်း ဘာဂါအီက ထပ်လောင်း ပြောကြားခဲ့ပြီး အီရန်အနေဖြင့် ခြိမ်းခြောက်မှုများကို ဂရုစိုက်မည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

Source: အယ်လ်ဂျာဇီးယား