CNI International News
တီဟီရန်၊ ဧပြီ ၁
အမေရိကန်သည် အီရန်၏ အဓိက နျူကလီးယားစက်ရုံ တစ်ရုံတည်ရှိသည့် မြို့ကို မတ်လ ၃၁ ရက်က တိုက်ခိုက် ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
အီရန်ကလည်း ပါရှန်းပင်လယ်ကွေ့အတွင်း ရေနံ အပြည့်တင်ထားသည့် ကူဝိတ်ရေနံတင် သင်္ဘောတစ်စင်းကို တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုများသည် အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့ကြား တစ်လကျော်အကြာ ဖြစ်ပွားနေသည့် စစ်ပွဲ၏ အရှိန်ပြင်းထန်မှုကို ပြသရာရောက်နေသည်။
ထိုပဋိပက္ခကြောင့် လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ရပြီး ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ထောက်ပံ့မှု ကွင်းဆက် ကိုလည်း ကြီးမားစွာ အနှောင့်အယှက် ဖြစ်စေခဲ့သလို မတ်လ ၃၁ ရက်တွင် အမေရိကန်နိုင်ငံ၌ ဓာတ်ဆီပျမ်းမျှ ဈေးနှုန်းမှာ တစ်ဂါလန်လျှင် ၄ ဒေါ်လာ ကျော်အထိ ထိုးတက်သွားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် အီရန်နှင့် သံတမန်ရေးအရ ဆွေးနွေးမှုများ တိုးတက်မှုရှိနေသည်ဟု ပြောဆိုလေ့ရှိသော်လည်း တစ်ချိန်တည်းမှာပဲ စစ်ပွဲကို ပိုမိုချဲ့ထွင်မည်ဟုလည်း ခြိမ်းခြောက်လျက်ရှိသည်။
ထို့ပြင် ထရမ့်သည် အစ္စဖာဟန် (Isfahan) မြို့ကို တိုက်ခိုက်ခဲ့သည့် ရုပ်သံမှတ်တမ်းကို Truth Social ကွန်ရက် တွင် မျှဝေခဲ့သည်။

စစ်ပွဲအတွင်း တိုက်ခိုက်ခံရမှုကို တွေ့ရစဉ်
အစ္စဖာဟန်မြို့သည် ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်းက အီရန်နှင့် အစ္စရေးကြား ၁၂ ရက်ကြာ ဖြစ်ပွားခဲ့သော စစ်ပွဲတွင် အမေရိကန်၏ တိုက်ခိုက်မှုကို ခံခဲ့ရသည့် နျူကလီးယားစက်ရုံ ၃ ခုအနက် စက်ရုံတစ်ခု တည်ရှိရာနေရာ ဖြစ်သည်။
အီရန်၏ အဆင့်မြင့် သန့်စင်ပြီး ယူရေနီယံ အများစုကို ထိုစက်ရုံတွင် သိုလှောင်ထားနိုင်ကြောင်း ကျွမ်းကျင်သူများ က ယူဆထားကြသည်။
သမ္မတထရမ့်က မကြာမီ အချိန်အတွင်း အပစ်အခတ်ရပ်စဲရေး မရရှိသလို အီရန်အနေဖြင့် ရေလက်ကြားကို ပြန်မဖွင့်ပေးပါက အမေရိကန်အနေဖြင့် ထိုးစစ်ကို ပိုမိုချဲ့ထွင်သွားမည်ဖြစ်ကြောင်း ယခုသီတင်းပတ်အတွင်း သတိပေးလိုက်သည်။
ထိုးစစ်ချဲ့ထွင်မည့် အစီအစဉ်တွင် အီရန်၏ အဓိက ရေနံတင်ပို့ရာ ဗဟိုချက်ဖြစ်သော ခါ့ဂ်ကျွန်း (Kharg Island) ရေနံဆိပ်ကမ်းနှင့် ပင်လယ်ရေငန်မှ ရေချို ပြောင်းလဲထုတ်လုပ်သည့် စက်ရုံများကိုပါ တိုက်ခိုက်သွားမည့် အစီအစဉ်များ ပါဝင်သည်။
Source: အေပီ
