CNI International News
နယူးဒေလီ၊ ဧပြီ ၁
အိန္ဒိယနိုင်ငံတွင် ၁၀ နှစ်လျှင် ၁ ကြိမ် ပြုလုပ်မြဲဖြစ်သော သန်းခေါင်စာရင်း (လူဦးရေစာရင်း) ကောက်ယူမှုကို မူလ က ၂၀၂၁ ခုနှစ်၌ ပြုလုပ်ရန် စီစဉ်ထားသော်လည်း COVID-19 ကပ်ရောဂါကြောင့် ကြန့်ကြာခဲ့ရပြီးနောက် ယခုနှစ် ဧပြီလ ၁ ရက်မှာ စတင်ကောက်ယူတော့မည်ဖြစ်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံဖြစ်သည့် အိန္ဒိယ၏ လူဦးရေကို တစ်ယောက်မကျန် ရေတွက်ရန်အတွက် အစိုးရ ဝန်ထမ်းပေါင်း ၃ သန်းကျော်ကို တာဝန်ပေးအပ်ထားကြောင်း အိန္ဒိယအစိုးရက မတ်လ ၃၀ ရက်တွင် ပြောကြားခဲ့ သည်။
တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံကောက်ယူမည့် လူဦးရေစာရင်း ကောက်ယူမှု အစီအစဉ်တွင် အဆင့် (၂) ဆင့် ရှိမည်ဖြစ်သည်။

အိန္ဒိယမှာ လူဦးရေစာရင်း ကောက်ယူနေစဉ်
ပထမအဆင့်တွင် အိမ်ခြေစာရင်းနှင့် အိမ်ရာ အခြေအနေများကို ကောက်ယူမည်ဖြစ်ပြီး ဒုတိယအဆင့်တွင်မူ နေထိုင်သူ လူဦးရေနှင့် ၎င်းတို့၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အချက်အလက်များကို ကောက်ယူသွားမည် ဖြစ်ကြောင်း လူဦးရေစာရင်းဆိုင်ရာ မဟာမင်းကြီး မရီတန်ဂျေး ကူးမား နာရာယန် (Mritunjay Kumar Narayan) က သတင်းထောက်များကို ပြောကြားခဲ့သည်။
ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ၏ အချက်အလက်များအရ အိန္ဒိယနိုင်ငံသည် လူဦးရေ ၁ ဒသမ ၄ ဘီလျံကျော်ဖြင့် ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံကို ကျော်ဖြတ်ကာ ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။
ကျွမ်းကျင်သူများနှင့် စီးပွားရေး ပညာရှင်များကမူ အိန္ဒိယနိုင်ငံ၏ လူဦးရေ ပမာဏနှင့်ပတ်သက်ပြီး စိုးရိမ်စရာကိစ္စ တစ်ခုအဖြစ် ရှုမြင်ထားခြင်း မရှိပေ။
အဓိက စီးပွားရေး အင်အားကြီး နိုင်ငံအများစုသည် လုပ်သားအင်အား လျော့နည်းလာခြင်းနှင့် သက်ကြီးရွယ်အို များပြားလာခြင်း အစရှိသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရချိန်တွင် အိန္ဒိယအစိုးရကမူ ၎င်းတို့၏ လူငယ်ဦးရေ အချိုးအစား များပြားမှုကို ကျွမ်းကျင်လုပ်သား အင်အားစုကြီးအဖြစ် ဖန်တီးနိုင်မည့် အခွင့်အလမ်း တစ်ခုအဖြစ် ကာလရှည်ကြာစွာ ဂုဏ်ယူခဲ့သည်။

အိန္ဒိယလူဦးရေကို တွေ့ရစဉ်
ထို့ပြင် ယခု လူဦးရေ စာရင်းတွင် ဇာတ်နိမ့်၊ ဇာတ်မြင့် အသေးစိတ် အချက်အလက်များကိုလည်း ကောက်ယူသွား မည်ဖြစ်ကြောင်း လူဦးရေစာရင်းဆိုင်ရာ မဟာမင်းကြီး နာရာယန်က ပြောကြားခဲ့သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ထောင်ချီကတည်းက တည်ရှိခဲ့သည့် ဇာတ်ခွဲခြားမှုစနစ်သည် အိန္ဒိယနိုင်ငံသားတို့၏ နေ့စဉ် ဘဝနှင့် နိုင်ငံရေး အခင်းအကျင်း တစ်ခုလုံးကို လွှမ်းမိုးထားသည်။
အိန္ဒိယအစိုးရသည် ၂၀၁၁ ခုနှစ်မှစပြီး လူမှုစီးပွားနှင့် ဇာတ်နိမ့်၊ ဇာတ်မြင့် စာရင်းကောက်ယူမှုကို ပြုလုပ်ခဲ့သော် လည်း ဇာတ်နိမ့်၊ ဇာတ်မြင့်ဆိုင်ရာ အချက်အလက်များကို အပြည့်အဝ ထုတ်ပြန်ခြင်း မရှိခဲ့ပေ။
ယခုပြုလုပ်နေသည့် လူဦးရေစာရင်း ကောက်ယူမှု လုပ်ငန်းစဉ်သည် ၂၀၂၇ ခုနှစ်၊ မတ်လတွင် အပြီးသတ်နိုင်ရန် မျှော်မှန်းထားပြီး ပထမဆုံးအကြိမ် ဒစ်ဂျစ်တယ်စနစ်ဖြင့် မှတ်တမ်းတင်ထားသော ဒေတာအများအပြားကို စာရင်း ကောက်ယူ ပြီးစီးပြီးနောက် မကြာမီ အချိန်အတွင်းမှာပင် ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း နာရာယန်က ပြောကြားခဲ့သည်။
Source: ရိုက်တာ
