CNI International News

နယူးဒေလီ၊ ဇူလိုင် ၂၂

အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ခဲ့သော်လည်း လူငယ်များအကြား အစိုးရ အလုပ်အကိုင်များကို ရရှိရန် အခက်တွေ့နေရဆဲဖြစ်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်များအရ ၂၀၁၄ ခုနှစ်မှ ၂၀၂၂ ခုနှစ်အကြား ဖက်ဒရယ်ဝန်ထမ်း ရာထူးနေရာများ အတွက် လျှောက်ထားသူ သန်း ၂၂၀ အထိရှိခဲ့သော်လည်း လူပေါင်း ၇၂၂,၀၀၀ သာ ရွေးချယ်ခန့်အပ်ခံခဲ့ရကြောင်း ဖော်ပြထားသည်။

အရွေးမခံရသူ အများစုသည် နောက်ထပ် အစိုးရဝန်ထမ်း နေရာများအတွက် ထပ်မံ လျှောက်ထားခဲ့ကြသော်လည်း ယနေ့အချိန်အထိ သန်းနှင့်ချီသည့် အိန္ဒိယလူငယ်များသည် နှစ်စဉ် အစိုးရအလုပ်အကိုင်များကို ရရှိရန် ရုန်းကန်နေ ရဆဲဖြစ်သည်ဟု အသက် ၃၀ အရွယ် ဆူနေးလ် ကူမာ (Sunil Kumar) အမည်ရှိ အမျိုးသားက ပြောသည်။

အိန္ဒိယအမျိုးသမီးများကိုတွေ့ရစဉ်

ကူမာသည် ပြီးခဲ့သည့် ၉ နှစ်အတွင်း အစိုးရ အလုပ်အကိုင်များကို ရရှိရန် လျှောက်ထားခဲ့ပြီး ပြည်သူ့ဝန်ထမ်း ရာထူးနေရာများအတွက် စာမေးပွဲများ ဝင်ရောက်ဖြေဆိုခဲ့သော်လည်း ယနေ့အချိန်အထိ ရွေးချယ်မခံရသေး ကြောင်း ပြောကြားခဲ့သည်။

သူသည် ဖက်ဒရယ် ဗျူရိုကရက် ရာထူးနေရာနှင့် ပြည်နယ်ဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှု ရာထူးနေရာများ အပါအဝင် အစိုးရအလုပ်အကိုင်များကို ရရှိရန် ၁၃ ကြိမ် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခဲ့ခြင်း မရှိခဲ့ပေ။

အစိုးရအလုပ်အကိုင်အတွက် အသက် သတ်မှတ်ချက်ဖြစ်သည့် ၃၂ နှစ် မကျော်ခင် အစိုးရဝန်ထမ်း နေရာတစ်ခုကို ရရှိရန် ဆက်လက် ကြိုးပမ်းသွားမည်ဟုလည်း ကူမာက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်မှာ အလုပ်အကိုင်ခွဲတမ်းအပေါ် ဆန္ဒပြနေကြစဉ်

"အစိုးရအလုပ်အကိုင်တွေရဖို့ အရင်ကထက်ပိုပြီး ကြိုးစားရပါမယ်။ လာမယ့် ၂ နှစ်၊ ၃ နှစ်အတွင်းမှာ အစိုးရ အလုပ်အကိုင် တစ်ခုခု ရခဲ့မယ်ဆိုရင်တော့ ပြီးခဲ့တဲ့ ၁၀ နှစ်လောက်က ကြိုးပမ်းခဲ့တာတွေလည်း တန်တယ်လို့ ပြောရမှာပါ" ဟု ကူမာက ပြောသည်။

"တကယ်လို့ အိန္ဒိယမိသားစုတွေထဲမှာ မိသားစုဝင်တစ်ဦးက အစိုးရအလုပ်အကိုင်ကို ရရှိမယ်ဆိုရင် သူတို့ မိသားစုအတွက် အခြေခိုင်ပြီလို့ ယူဆထားကြပါတယ်" ဟု အစိုးရအလုပ်အကိုင်များ ရရှိရေးအတွက် လေ့ကျင့် သင်ကြားသည့် ဌာနကိုဖွင့်ထားသော ဇာဖာ ဘာကက်ရှ် (Zafar Baksh) က ပြောကြားခဲ့သည်။

အိန္ဒိယ၏ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း လူငယ်များအကြား အလုပ်လက်မဲ့နှုန်း မြင့်တက်နေကာ အစိုးရ၏ အလုပ်အကိုင် ခွဲတမ်းချသည့်စနစ်ကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ ဖြစ်ပွားနေသဖြင့် အိန္ဒိယအာဏာပိုင် များအနေဖြင့် ထိုဖြစ်စဉ်ကို သင်ခန်းစာ ယူသင့်သည်ဟုလည်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: ရိုက်တာ