CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၂

ထိုင်းနိုင်ငံတွင် တစ်လအတွင်း တရားမဝင် အထောက်အထားမဲ့ မြန်မာ ၈ သောင်းကျော် ဖမ်းဆီးခံနေရသော် လည်း တရားမဝင်လမ်းကြောင်းဖြင့် လာရောက်နေသည့် မြန်မာနိုင်ငံသား များပြားနေဆဲဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုသို့ အဖမ်းအဆီးများကြား တရားမဝင် လမ်းကြောင်းဖြင့် ဝင်ရောက်နေမှု များပြားနေခြင်းသည် ထိုင်းနိုင်ငံမှ ဆွဲဆောင်ခြင်းကြောင့် မဟုတ်သကဲ့သို့ ပြည်သူများမှ ချိုးဖောက်ခြင်းလည်း မဟုတ်ကြောင်း၊ မြန်မာနိုင်ငံ၏ အုပ်ချုပ်မှုညံ့ဖျင်းမှုများက တရားမဝင်စနစ်သို့ တွန်းပို့လိုက်ခြင်းဖြစ်ကြောင်း အလုပ်သမားအခွင့်အရေး ဖောင်ဒေးရှင်း LRF မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒါကလည်း ကျနော်တို့နိုင်ငံရဲ့ စီမံကွပ်ကဲအုပ်ချုပ်မှုတွေ ညံ့ဖျင်းတာလည်း ပါတယ်။ ဆိုပါစို့ အရွယ်ရောက် ပြီးသားလူတွေအားလုံးကို စစ်မှုမထမ်းမနေရဆိုတာလည်း တွန်းအားပေးချက်တစ်ခုလို့ သုံးသပ်လို့ရတယ်။ ဒီလို လွဲမှားတဲ့ အယူဝါဒတွေ အမိန့်တွေ ချမှတ်လိုက်တဲ့အတွက်ကြောင့် ဒါလည်း မဖြစ်ဖြစ်တဲ့နည်းနဲ့ လွတ်ရာနေရာကို မင်းထွက်ပြေးလိုက်တော့လို့ တွန်းအားပေးတာ တစ်ခုလည်းပါနေတယ်။ နောက် မူလကရှိနေတဲ့ G to G လို့ခေါ်တဲ့ MOU စနစ်တွေက ကောင်းမွန်နေပြီ။ ဂျပန်ကိုသွားမလား၊ တောင်ကိုရီးယားကို သွားမလား၊ စင်္ကာပူကို သွားမ လား၊ မ‌လေးကို သွားမလား၊ ထိုင်းနိုင်ငံကိုသွားမလား လွတ်လပ်စွာ အေဂျင်စီနဲ့ သွားခွင့်ပြုထားတဲ့ အားလုံးကို ချုပ်ချယ်ကန့်သတ်လိုက်တာလည်း ဒါလည်း တွန်းအားတစ်ခုဖြစ်တယ်” ဟု ပြောသည်။

ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအာဏာပိုင်က အထောက်အထားတွေစစ်ဆေးနေစဉ်

ထိုင်းအာဏာပိုင်များမှ တရားမဝင် အထောက်အထားမဲ့များအား ဖမ်းဆီးရန် ရက်ပေါင်း ၁၂၀  အထူးစစ်ဆင်ရေး စီမံချက်ကို ဖော်ဆောင်နေခြင်းဖြစ်ပြီး ၃၆ ရက်အတွင်း နေရာအနှံ့ရှိ လုပ်ငန်းခွင်များ၌ စစ်ဆေးခဲ့ရာ တရားမဝင် လုပ်သား ၁ သိန်းကျော် ဖမ်းဆီးစစ်ဆေး တွေ့ရှိထားခြင်းဖြစ်သည်။

ထိုထဲတွင် မြန်မာနိုင်ငံမှ ၈ သောင်းကျော်ဖြင့် အများဆုံးဖြစ်ပြီး ကမ္ဘောဒီးယားမှ ၁ သောင်းကျော်၊ လာအို ၇၀၀၀ ကျော်၊ ဗီယက်နမ် ၁၀၀ ကျော်နှင့် အခြားနိုင်ငံသား ၃၀၀၀ ကျော်တို့ဖြစ်ကြောင်း သိရသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ တရားမဝင် လုပ်သားများအား လူသစ်ဘတ်ရိုက်ပေးမည်ဟု အတည်ပြုထား သော်လည်း ရက်အတိအကျကို ထုတ်ပြန်ထားခြင်း မရှိသေးသည့်အတွက် ထိုအထောက်အထား ရရှိရေး တရားမဝင်လမ်းကြောင်းမှ ပိုမိုဝင်ရောက် လာကြခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တရားမဝင် ရောက်ရှိလာကြသူ အများစုသည်လည်း နှစ်နိုင်ငံနယ်စပ်ဒေသဖြစ်သည့် ထိုင်းဘက်အခြမ်းတွင် အဓိက နေထိုင် အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း၊ နယ်စပ်ဒေသများတွင် ယနေ့အထိ သတ်မှတ်လုပ်ခလစာ အတိုင်း အပြည့်အဝ မရရှိကြသေးကြောင်း ထိုင်းနိုင်ငံတွင် နေထိုင် အလုပ်လုပ်ကိုင်လျက်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

 မြန်မာရွှေ့ပြောင်းလုပ်သားတွေကိုတွေ့ရစဉ်

၎င်းက “ထိုင်းတစ်နိုင်ငံလုံးအရ လုပ်သားကတော့ လိုအပ်ချက် ရှိနေတယ်ဆိုတော့ တတ်နိုင်သ‌လောက် လုပ်သား တွေကို ငှားရမ်းပြီး လုပ်ကိုင်နေတာ တွေ့ရတယ်။ သို့သော် တစ်ခုထူးခြား နေတာကတော့ ထိုင်းအစိုးရက ဥပဒေ တွေ အကြိမ်ကြိမ်အခါခါ ထုတ်ပြန်ခဲ့တယ်။ ဥပဒေဆိုတာ လုပ်အားခတွေပေါ့။ ခရိုင်တွေအလိုက် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို ကြည့်ပြီးမှ သူက လုပ်အားခကို သတ်မှတ်တာ ဖြစ်တယ်။ ဘန်ကောက်တို့၊ စမွတ်ဆာခွန် တို့ဟာ တွေဆိုရင် ၃၆၃ ဆိုပြီး နယ်စပ်တွေမှာကတော့ ၃၂၂ တို့ဘာတို့ စသဖြင့် ခွဲခြားသတ်မှတ်တာ။ နယ်စပ်တွေမှာ လည်း သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်း မရသေးတာကို အခုထိတွေ့ရတယ်။ အထူးသဖြင့် လုပ်အားခတွေ အချိုးဖောက်ခံရဆုံးဒေသတွေက ဘယ်လိုနေရာတွေလဲလို့ သုံးသပ်မယ်ဆိုရင် နှစ်နိုင်ငံအစပ်တွေမှာ ပိုပြီးချိုး ဖောက်တာတွေ တွေ့ရှိရပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ဖမ်းဆီး စစ်ဆေးခံရသူများထဲမှ မြန်မာ ၄၇၃ ဦးအား တရားမဝင် ဝင်ရောက်မှု၊ ခွင့်ပြုချက်မရှိဘဲ တရားမဝင် အလုပ်လုပ်ကိုင်မှု၊ လုပ်ကိုင်ခွင့်မရှိသည့် အလုပ်များ၌  လုပ်ကိုင်မှုတို့ဖြင့် တရားစွဲ အရေးယူ အပြစ်ပေးခြင်း ခံရမည်ဖြစ်ကြောင်းလည်း သိရသည်။

ထိုင်းရှိ တရားမဝင် အထောက်အထား မပြည့်စုံသည့် ရွှေ့ပြောင်းလုပ်သားများအား တွေ့ရှိပါက ဖမ်းဆီးခြင်း၊  ဒဏ်ရိုက်ခြင်း၊ နေရပ်ပြန်ပို့ခြင်း အပြင် အချက်လေးချက်ဖြင့် နှိမ်နင်းမည့် ၄ လတာ (ရက်ပေါင်း ၁၂၀)  စီမံချက် အား ထိုင်းအာဏပိုင်များမှ တရားဝင် ထုတ်ပြန်ထားခြင်းဖြစ်ပြီး ၎င်း စီမံချက်ကို ဇွန်လတွင် စတင်ခဲ့ခြင်းဖြစ်သည်။