CNI International News

ဟောင်ကောင်၊ ဇူလိုင် ၂၃

တရုတ်၏ စီးပွားရေးသည် ငွေကြေးဖောင်းပွမှု ဖိအားနှင့် ရင်ဆိုင်နေရသည့်အတွက် တရုတ်ဗဟိုဘဏ်က အတိုးနှုန်းများကို မြှင့်တင်ခြင်းအားဖြင့် ထိုဖိအားများကို ပြေလျော့စေရန် ကြိုးပမ်းနေရသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

ယခုလအတွင်း တရုတ်ဗဟိုဘဏ်သည် စီးပွားရေးတွင် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်လာနိုင်မည့် အခြေအနေကို ညွှန်ပြနေသည့် အစိုးရငွေတိုက် စာချုပ်များ ရောင်းချမှု ကျဆင်းနေခြင်းအား ကုစားရန် အစီအစဉ်များစွာ လုပ်ဆောင်ခဲ့သည်။

ထိုအစီအစဉ်များအနက် အစိုးရက ထိန်းချုပ်ထားသည့် မီဒီယာများမှတစ်ဆင့် ပြည်ပဈေးကွက် ကြားဝင်စွက်ဖက် မှုများကို သတိပေးချက်များ ထုတ်ပြန်မှုကဲ့သို့ ရှားပါးအစီအစဉ်များ ပါဝင်ခဲ့သည်။

ဇူလိုင်လ၏ ပထမပတ်တွင် ဗဟိုဘဏ်သည် အစိုးရငွေတိုက်စာချုပ်များကို ချေးယူမည်ဖြစ်ကြောင်း ကြေညာခဲ့ကာ ထိုလုပ်ဆောင်ချက်သည် ဈေးနှုန်းများအား လျှော့ချခြင်းဖြင့် ငွေတိုက်စာချုပ် ဈေးကွက်ကို ကျစ်လစ်စေရန် လုပ်ဆောင်မှုဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

 ရှီကျင့်ဖျင်နဲ့ တရုတ်လုပ်သားကိုတွေ့ရစဉ်

ငွေတိုက်စာချုပ်မှ ပြန်လည် ရရှိသည့်ပမာဏ နိမ့်ကျမှုသည် စီးပွားရေးဈေးကွက် ယုံကြည်မှု တည်ဆောက်မှုနှင့် ငွေကြေးဖောင်းပွခြင်း (Deflation) ကို တားဆီးရာတွင် အဓိက အဟန့်အတားတစ်ခု ဖြစ်လာလိမ့်မည်ဟု Mizuho Securities Asia မှ FX မဟာဗျူဟာဒါရိုက်တာ ကန်ချောင် (Ken Cheung) က ပြောကြားခဲ့သည်။ 

တရုတ်အစိုးရ၏ ငွေတိုက်စာချုပ်မှ ပြန်လည်ရရှိမှု ပမာဏများ ကျဆင်းမှုသည် အမေရိကန် ငွေတိုက်စာချုပ်များ နှင့် ကွာဟချက် ကျယ်ပြန့်လာမှုကြောင့် တရုတ်၏ ယွမ်ငွေကြေးအပေါ် ဖိအားများ မြင့်တက်လာစေခဲ့သည်။

ထို့ပြင် မကြာသေးမီ နှစ်များအတွင်း တရုတ်၏ အိမ်ခြံမြေကဏ္ဍ ပြိုလဲမှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေး ကြန့်ကြာမှုတို့နှင့် ရင်ဆိုင်ခဲ့ရပြီး တရုတ်အစိုးရက စီးပွားရေး နာလန်ထူစေရန် အစီအစဉ်များစွာဖြင့် လုပ်ဆောင်ခဲ့ သည်။

ငွေကြေးဖောင်းပွခြင်းဆိုသည်မှာ ပစ္စည်းဈေးများ ကျဆင်းပြီး၊ ပြည်သူများ၏ ဝယ်နိုင်စွမ်းအားမရှိဘဲ လက်ထဲ တွင်လည်း ငွေမရှိတော့သည့် အခြေအနေမျိုးကို ခေါ်ဆိုခြင်းဖြစ်သည်။

ထိုအခြေအနေတွင် စီးပွားရေးကို ပြန်လည်ကုစားရန် အချိန် ၅ နှစ်ခန့် ယူရနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: Nikkei Asia