CNI International News

တိုင်ပေ၊ ဇူလိုင် ၂၃

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် သမ္မတရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း ကြေညာခဲ့ပြီးနောက် ဇူလိုင် ၂၂ ရက်တွင် ထိုင်ဝမ်၏ နည်းပညာစတော့ရှယ်ယာများ ကျဆင်း ခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

ထို့ကြောင့် လက်ရှိ အမေရိကန်သမ္မတရွေးကောက်ပွဲအကြို နိုင်ငံရေး အခြေအနေများသည် အာရှ၏ ချစ်ပြား ထုတ်လုပ်သည့် နည်းပညာစီးပွားရေးအပေါ် ဂယက်ရိုက်ခတ်မှုများ ရှိလာခဲ့သည်။

ထိုင်ဝမ်၏ Taiex စတော့ရှယ်ယာညွှန်းကိန်းတွင် ဇူလိုင် ၁၉ ရက်က ၂၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ဇူလိုင် ၂၁ ရက် ကုန်ပိုင်း၌ ၂ ဒသမ ၆၈ ရာခိုင်နှုန်း ကျဆင်းခဲ့သလို ဇူလိုင် ၂၂ ရက်တွင် ၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ထိုင်ဝမ်၏ စီးပွားရေးသည် ချစ်ပြားထုတ်လုပ် ရောင်းချမှုအပေါ် အဓိက မှီခိုနေရသဖြင့် နည်းပညာကဏ္ဍတွင် ယခုကဲ့သို့ ရှယ်ယာဈေးများ ကျဆင်းမှုသည် ထိုင်ဝမ်၏ စီးပွားရေးအတွက် စိုးရိမ်စရာ အခြေအနေ ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

စတော့ရှယ်ယာဈေးကွက်နဲ့ အမျိုးသမီး ၂ ဦးကိုတွေ့ရစဉ်

ထိုင်ဝမ်အပြင် ဟောင်ကောင်၏ Hang Seng စတော့ရှယ်ယာညွှန်းကိန်းသည် ဇူလိုင် ၂၁ ရက်က အရောင်းအဝယ် ပိတ်ကာနီး အချိန်တွင် ၁ ဒသမ ၂၂ ရာခိုင်နှုန်းရှိခဲ့သည်။ 

ထို့နောက် တရုတ်၏ ယွမ်ငွေတန်ဖိုး ၀ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ ၁ ဒေါ်လာလျှင် ၇ ဒသမ ၂၇ ယွမ်မှ ၇ ဒသမ ၂၉၂၂ ယွမ်ရှိခဲ့သည်။

ထို့ပြင် အိန္ဒိယရူပီး ငွေတန်ဖိုးလည်း စံချိန်တင်ကျဆင်းခဲ့ပြီး ၁ ဒေါ်လာလျှင် ၈၃ ဒသမ ၆၇၇၅ ရူပီးအထိ ကျဆင်း သွားခဲ့သည်။

ထိုပမာဏသည် ဇွန်လအတွင်းက စံချိန်တင် ငွေတန်ဖိုး ကျဆင်းမှုဖြစ်သည့် ၁ ဒေါ်လာလျှင် ၈၃ ဒသမ ၆၆၅၀ ထက် ပိုမိုကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

အခြား အာရှနိုင်ငံများဖြစ်သည့် ဂျပန်၏ Nikkei 225 သည် ၁ ဒသမ ၁၆ ရာခိုင်နှုန်း၊ တောင်ကိုရီးယား၏ Kospi သည် ၁ ဒသမ ၁၄ ရာခိုင်နှုန်း၊ သြစတြေးလျ၏ S&P/ASZ 200 သည် ၀ ဒသမ ၅ ရာခိုင်နှုန်းစီ အသီးသီး ကျဆင်းခဲ့ သည်။

ထို့ပြင် ယခုကဲ့သို့ အမေရိကန် သမ္မတရွေးကောက်ပွဲအကြို သေချာမှုမရှိသည့် အနေအထားကြောင့် ဈေးကွက်များ လည်း မကြာမီအချိန်အတွင်း ကျိုးပျက်လွယ်မည့် အခြေအနေသို့ ရောက်ရှိလာနိုင်သည်ဟု လေ့လာစောင့်ကြည့် သူများက ပြောကြားခဲ့သည်။

Source: Nikkei Asia