CNI News 

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၃ 

ထိုင်းနိုင်ငံတွင် လုပ်သားလိုအပ်ချက်များ ရှိနေသော်လည်း အထောက်အထား မရှိသူများအနေဖြင့် အလုပ်အကိုင် ရရှိရန် ခက်ခဲနေကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။ 

လက်ရှိ ထိုင်းနိုင်ငံတွင် ခရီးသွားကာလ ဖြစ်သည့်အပြင် အခြားသော လုပ်ငန်းများတွင်လည်း လုပ်သားလိုအပ်ချက် များရှိနေသဖြင့် အထောက်အထား ရှိသူများအတွက် အလုပ်အကိုင်  ပေါများကြောင်း၊ အထောက်အထားမရှိ သူများအတွက် အခက်အခဲဖြစ်ကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED မှ အလုပ်သမား တာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အထောက်အထားရှိတဲ့ လူအတွက်ကတော့ အလုပ်အကိုင်က ပေါတယ်လို့ ပြောလို့ရတယ်။ အထူးသဖြင့် ဒီရာသီ ဒီလိုအချိန်မှာ နိုင်ငံခြားသားခရီးသွားတွေ စတင်တဲ့ကာလဖြစ်တယ်။ ဥပမာ ရေလုပ်ငန်းမှာဆိုလည်း အလုပ်သမားက လိုနေတာပဲလေ။ ဒီလိုကာလ အလုပ်အကိုင်ကတော့ ပိုပြီးတော့ ပေါတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် အဲဒီဟာလုပ်ဖို့အတွက် အထောက်အထား မရှိတဲ့လူတွေ မြန်မာနိုင်ငံကနေ အကြောင်းအမျိုးမျိုးကြောင့် ရောက်လာပြီး အထောက်အထားမရှိတဲ့ သူတွေအတွက်ကြတော့ အခက်အခဲ ဖြစ်တာပေါ့။ အလုပ်ရှိပေမယ့် လုပ်လို့မရဘူး။ အလုပ်လုပ်တော့လည်း တရားမဝင်တဲ့ အတွက်ကြောင့်မို့လို့ အချိန်မရွေး အဖမ်းခံရမှာကို ကြောက် ရတာပေါ့။ လုပ်ငန်းခွင်မှာကတော့ အထောက်အထားမရှိရင် အများစုကတော့ လက်မခံဘူး”ဟု ပြောသည်။

ရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်

ထို့အပြင် အထောက်အထား ရှိသူများအနေဖြင့်လည်း သတ်မှတ်ထားသည့် အလုပ်ရှင်နှင့် အလုပ်အမျိုးအစား တူညီရမည့်အပြင် ရွှေ့ပြောင်းအလုပ်သမားများလုပ်ကိုင်ရန် သတ်မှတ်ထားသော အလုပ်ဖြစ်ရမည်ဆိုသည့် အချက်များကြောင့် အလုပ်တစ်ခုနှင့်တစ်ခု ပြောင်းလဲလုပ်ဆောင်ရန်မှာ အခက်အခဲဖြစ်ကြကြောင်း သိရသည်။

ထိုင်းအာဏာပိုင်များမှ လူသစ်ဘတ်ရိုက်ပေးမည်ဟု ပြောဆိုထားသော်လည်း ယနေ့အထိ တစ်စုံတစ်ရာ ထပ်မံ ထုတ်ပြန်လာခြင်း မရှိသေးသဖြင့် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ တရားဝင် အထောက်အထားရရှိရေး စောင့်ဆိုင်းနေရဆဲဖြစ်ကြောင်း အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း LRF မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လက်ရှိအနေအထားအရ ထိုင်းနိုင်ငံအစိုးရရဲ့ မူဝါဒတွေ ဆိုတာကတော့ သူကတော့ သူ့နိုင်ငံရဲ့ လုံခြုံရေး အရ ကြေညာထားတာတွေလည်းရှိပါတယ်။ ရက်ပေါင်း ၁၂၀ စီမံကိန်းဆိုပြီးမှ ထိုင်းနိုင်ငံအတွင်းမှာ တရားမဝင် နေထိုင် လုပ်ကိုင်နေကြတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် အဲဒီလုပ်သားတွေ အားလုံးကို စနစ်တကျ ပိုက်စိပ်တိုက် ရှာဖွေပြီးမှ ဖမ်းဆီးအရေးယူနေတာတွေလည်း တွေ့ပါတယ်။ ပြီးတော့ နောက်တစ်ပိုင်းက ဇူလိုင်လ ၆ ရက်နေ့မှာပဲ ထိုင်းအလုပ်သမားဝန်ကြီးဌာနကနေပြီးမှ ထိုင်းနိုင်ငံအတွင်းမှာ အကြောင်းကြောင်းကြောင့် ရောက်ရှိနေကြတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် အလုပ်သမားတွေကို တရားဝင် နေထိုင် အလုပ်လုပ်ခွင့် လက်မှတ်တွေ ထုတ်ပေးမယ်ဆိုတာတွေလည်း ထုတ်ပြန်ထားတာ တွေ့တယ်။ သို့သော် အခုအချိန်ထိတော့ အချိန်တွေကြာလာ ခဲ့ပေမယ့်လို့ နောက်ဆက်တွဲ အမိန့်ကြေညာစာတွေ လုံးဝမထွက်သေးဘူး။ ဒါနဲ့ပတ်သက်လို့ တရားဝင်နေထိုင်ခွင့် လက်မှတ်လုပ်ဖို့ စောင့်ဆိုင်းနေတဲ့ သူတွေကလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ မိမိတို့ရဲ့ နေထိုင်ရာအိမ်တွေ၊ အခန်း တွေမှာပဲ လုံခြုံစွာ စနစ်တကျ စောင့်ဆိုင်းနေတဲ့ အနေအထားမျိုးတွေ ရှိနေတာကို တွေ့ရပါတယ်” ဟု ပြောသည်။

ရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်

၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် ထိုင်းနိုင်ငံထဲသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာကြသည့် မြန်မာနိုင်ငံသား အများအပြား ရှိသကဲ့သို့ ယခုနောက်ပိုင်းတွင် နေထိုင်အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ထုတ်ပေးမည်ဟု သတင်းများထွက်ပေါ်နေသဖြင့် ရောက်လာကြသူ အများအပြားရှိကြောင်းလည်း သိရသည်။

ထို့အပြင် ထိုင်းအာဏာပိုင်များမှ တရားမဝင် အထောက်အထားမဲ့များအား စီမံချက်ဖြင့် ဖမ်းဆီးမှုများ ပြုလုပ်နေ ပြီး ဖမ်းဆီးခံရသူ ၁ သိန်းကျော် ရှိသည့်အထဲတွင် မြန်မာနိုင်ငံသားမှာ အဓိကအများဆုံးဖြစ်သည်။