CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၉

ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ဖြစ်သည့် မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားအနီးတွင် ဗုံးပေါက် ကွဲမှုကြောင့် လုံခြုံရေးတင်းကြပ်လာရာ မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် အခက်အခဲ ပိုဖြစ်လာကြောင်း ထိုင်းနိုင်ငံ၌ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ဖြစ်သည့် မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားအနီးတွင် အောက်တိုဘာ ၁၅ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဉ်ကြောင့် လုံခြုံရေး ပိုမိုတင်းကြပ်လာသဖြင့် ထိုင်းသို့ တရားမဝင် ခိုးဝင်မည့် မြန်မာ ရွှေ့ပြောင်း လုပ်သား များနှင့် ထိုင်းမှ မြန်မာဘက်သို့ ခိုးပြန်မည့် မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် အခက်အခဲ ပိုဖြစ်စေကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လွယ်လွယ်ကူကူ ပြန်လို့မရတဲ့အချိန်မှာ ပွင့်ပွင့်လင်းလင်း ပြောရရင် ရတဲ့နည်းလမ်းနဲ့ မိခင်နိုင်ငံထဲကို ခိုးပြန်ကြတာပေါ့။ တံတားဖွင့်မယ်၊ နယ်စပ်ဂိတ်တွေ ဖွင့်ပေးတော့မယ်ပေါ့၊ ထိုင်းနိုင်ငံထဲက ရွှေ့ပြောင်း အလုပ် သမားတွေ လွယ်လွယ်ကူကူ ပြန်လို့ရအောင်။ ဒီလိုမျှော်လင့်ချက်နဲ့ မျှော်လင့်နေတဲ့ အချိန်မှာ မြဝတီမြို့မှာ မကြာ ခဏ ဆိုသလို ပေါက်ကွဲမှုတွေ ဖြစ်နေတယ်ဆိုတာ တစ်ဖက်က ကြည့်ရင်တော့ အာဏာရှင်ကို မလိုလားတဲ့ ပြည်သူတွေ တွန်းလှန်တာပေါ့။ တစ်ဖက်ကကြည့်ရင်တော့ ရွှေ့ပြောင်းအလုပ်သမားဘဝနဲ့ ထိုင်းနိုင်ငံမှာ နေနေတဲ့ မြန်မာတွေ အိမ်ပြန်ချင်တာတွေအတွက် ပိုပြီးတော့မှ အခက်အခဲ ဖြစ်သွားစေတယ်။ ပိုပြီးတော့ ကြန့်ကြာ သွား မယ်၊ ကရင်ပြည်နယ် နယ်စပ်မှာက လက်နက်ကိုင် အဖွဲ့စည်းတွေက အများကြီးပဲလေ။ စစ်တပ်နဲ့ ပတ်သက်တဲ့ စစ်တပ်ရဲ့ ပါတနာတွေက လုံခြုံရေးကို ပိုမိုပြီးတော့မှ တင်းကြပ်စွာ ဆောင်ရွက်လိမ့်မယ်။ ထိုင်းအစိုးရက မြဝတီမြို့မှာ ပေါက်ကွဲမှု မကြာခဏ ဖြစ်လိုက်တိုင်း နယ်စပ်ဂိတ်တွေမှာ လုံခြုံရေးတွေ ပိုတင်းကြပ်တယ်။ ဒီဆိုး ကျိုးတွေက ဘာဖြစ်လာလဲဆိုတော့ ထိုင်းနိုင်ငံထဲမှာ တရားဝင်နေတဲ့ အလုပ်သမားတွေ မိခင်နိုင်ငံကို ပြန်ဖို့ အတွက်၊ နောက် ပြန်ထားတဲ့လူတွေ ပြန်လာဖို့အတွက် သူတို့အတွက် အဖမ်းအဆီးတွေ ပိုမိုများပြား လာနိုင်တယ် ပေါ့” ဟု ပြောသည်။

 ထိုင်း-မြန်မာ နယ်စပ် သွားလာနေသူများကိုတွေ့ရစဉ် (AP)

မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေး တံတားသည် ကိုဗစ်ကာလမှ စတင်ကာ ပိတ်ထားသည်မှာ ယနေ့ အထိပင် ဖြစ်သည်။

ထို့နောက် မြန်မာနိုင်ငံအတွင်း နိုင်ငံရေး ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာခြင်းကြောင့် ပြန်လည် မဖွင့်လှစ်သေးသဖြင့် ထိုင်းနိုင်ငံတွင် နေထိုင်ကာ အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်း လုပ်သား အများစုသည် သောင်းရင်း မြစ်မှ တရားမဝင်ခိုး၍ နေရပ်ပြန်ကြသကဲ့သို့ ပြန်လည် ဝင်ရောက်ချိန်တွင်လည်း သောင်ရင်းမြစ်မှ ခိုး၍ ပြန်ဝင် နေကြရသည်။

ယခုကဲ့သို့ ပေါက်ကွဲမှု ဖြစ်စဉ်များသည် တရားမဝင် လမ်းကြောင်းများမှတဆင့် နေရပ်သို့ပြန်မည့် မြန်မာ ရွှေ့ပြောင်း လုပ်သားများအတွက် အသက်အန္တရာယ်လည်း စိုးရိမ်ရကြောင်း MWRN မှ အလုပ်သမားတာဝန်ခံ ဦးဘရီက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အရင်ထက် ပိုပြီးတော့မှ သွားလာရ ခက်ခဲတာပေါ့။ နဂိုအတိုင်း ဗုံးပေါက်ကွဲမှု မဖြစ်တဲ့ အချိန်မှာတောင်မှ နယ်စပ်ကို ပိတ်ထားတဲ့ အတွက်ကြောင့် သွားလာရ ခက်ခဲနေတယ်ဆိုတဲ့အခါ အခုလို နယ်စပ်တွေမှာ နေပြီးတော့ ဆူပူမှုဖြစ်တယ်၊ ဗုံးပေါက်ကွဲမှုတွေ ဖြစ်တဲ့အခါ နယ်စပ်ကို ပြန်ဖို့အတွက် အလုပ်သမားတွေအတွက် အသက် အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားပေါ့။ ကျနော်တို့ မြဝတီလမ်းက သွားမယ်ဆိုရင် ကိုယ်သွားမယ့် အချိန်မှာများ တိုက်ပွဲ တစ်ခုခုဖြစ်မလား၊ ဗုံးပေါက်ကွဲမှုများ ဖြစ်မလားဆိုတဲ့ စိုးရိမ်စိတ်တွေ များပြီးတော့ပေါ့။ အခုလက်ရှိမှာ နေရပ်ပြန်ဖို့ အတွက်ကို စိုးရိမ်ရတဲ့ အနေအထားမျိုးတွေ ရှိပါတယ်”ဟု ပြောသည်။

မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေး တံတားအား လက်ရှိအထိ ဖွင့်လှစ်နိုင်ခြင်း မရှိသေးချိန်တွင် ယခုကဲ့သို့ ဖြစ်ပွားသည့် ပေါက်ကွဲမှုဖြစ်စဉ်များကြောင့် တံတားပြန်ဖွင့်ရန်မှာ ပို၍ ကြန့်ကြာသွားနိုင်သည်ဟု ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက သုံးသပ်သည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေး တံတားအနီး ပေါက်ကွဲမှုကြောင့် ပျက်စီးမှုကိုတွေ့ရစဉ်

ကိုသားကြီးက “ကျနော်ထင်ပါတယ်။ တိုင်းပြည်ရဲ့ အခြေအနေက ဒီအတိုင်း ဆက်ပြီးတော့ သွားနေမယ်။ တော်လှန်ရေး ကာလကြီးကလည်း ပိုမိုကြန့်ကြာနေမယ်။ ပြည်သူရွေးချယ် တင်မြှောက်ထားတဲ့ အရပ်သား အစိုးရကလည်း ထိရောက်တဲ့ ရုံးလုပ်ငန်းတွေမှာ ထိထိရောက်ရောက် မလုပ်နိုင်သေးတာ ဖြစ်တဲ့အတွက် မြန်မာ ပြည်သူတွေအတွက် ပိုပြီးတော့မှ ဘေးကျပ်နံကျပ် ဖြစ်စေတယ်။ ကျနော်တစ်ယောက်တည်းရဲ့ ခံယူချက်ကလည်း အများပြည်သူ ရွေးချယ်တင်မြှောက်တဲ့ အရပ်သားအစိုးရကိုပဲ လိုလားတာ ဖြစ်တဲ့အတွက် ထိရောက်တဲ့ အကူ အညီတွေပေးဖို့ အရပ်သား အစိုးရအနေနဲ့ ဆောင်ရွက်သင့်တယ်ပေါ့။ ထိုင်းနိုင်ငံထဲမှာ ဆိုရင်လည်း မြန်မာပြည်သူ တွေ ရွေးချယ်တင်မြှောက်တဲ့ အစိုးရဟာ မြန်မာပြည်သူတွေကို အကူအညီပေးနိုင်ဖို့ တစ်ဖက်တစ်လမ်းက အမြန် ဆုံး ဆောင်ရွက်သင့်တယ်လို့ ကျနော်အကြံပြုလိုတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း လုပ်သားဦးရေ သန်းနှင့်ချီရှိကြောင်း၊ လက်ရှိတွင် တရားမဝင် နိုင်ငံခြားသား ရွှေ့ပြောင်း လုပ်သားများအား ထိုင်းနိုင်ငံ၌ နေရာအနှံ စီမံချက်တစ်ခုသဖွယ် အဖမ်းအဆီးများ ပြုလုပ်နေကြောင်း၊ ဖမ်းဆီးခံရသည့် အထဲတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ အများအပြား ပါဝင်ကြောင်း သိရသည်။

ထို့အပြင် နှစ်ကုန်ခါနီးသဖြင့် အဖမ်းအဆီးမှာ ယခုထက် ပိုမိုများပြား လာနိုင်ကြောင်း ထိုင်းနိုင်ငံတွင် မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသူများက သုံးသပ်ကြသည်။