CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၆

ထိုင်းအာဏာပိုင်များသည် နယ်စပ်ဒေသရှိ မြန်မာ အပါအဝင် အထောက်အထား မပြည့်စုံသူနှင့် တရားမဝင် နေထိုင်သူများအား ဖမ်းဆီးရာတွင် အဖွဲ့စုံ စစ်ဆေးရေးဖြင့် ပုံစံပြောင်း၍ ဆောင်ရွက်လာကြောင်း မြန်မာ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

သို့သော် ယခုကဲ့သို့ အဖွဲ့စုံဖြင့် ဖမ်းဆီးခြင်းသည် တစ်ဦးတစ်ယောက်တည်းရှိသည့် စက်ရုံ၊ အလုပ်ရုံ၊ တန်လျား များထက် အစုလိုက်အပြုံလိုက် ရှိသည့် စက်ရုံ၊ အလုပ်ရုံ၊ တန်းလျားများတွင်သာ အဓိက လုပ်ဆောင်ခြင်း ဖြစ်ပြီး အထူးသဖြင့် မြန်မာအများဆုံး နေထိုင်သည့် နယ်စပ်ဒေသတွင် ပိုမိုတွေ့လာရကြောင်း သိရသည်။

FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “ဒီမှာ သူတို့ခေါ်တာကတော့ အဖွဲ့စုံပေါ့။ အဖွဲ့စုံ စစ်ဆေးရေးပေါ့နော်။ အော်ပရေးရှင်းလုပ်တာ။ အထောက်အထား စစ်တဲ့အခါမှာ လုပ်ကိုင်ခွင့်နဲ့ပတ်သက်လို့ အလုပ်သမားဌာနက စစ် တယ်။ နေထိုင်ခွင့်နဲ့ပတ်သက်လို့ လ.ဝ.က ကစစ်မယ်။ နောက် ရဲပါမယ်ပေါ့။ အထူးသဖြင့်တော့ ပြဿနာ တက်တဲ့ အခါတွေမှာတော့ စစ်တာပေါ့လေ အော်ပရေးရှင်းတွေ လုပ်တာပေါ့။ မဲဆောက်မှာ အခုဖြစ်နေတဲ့ ကိစ္စ မျိုးဆိုရင် အဲဒီလို အကွက်ဖြစ်တဲ့၊ ရှိတဲ့ သူတို့တိုင်းပြည်မှာက အလုပ်သမားအရေးဌာန၊ ရဲပေါ့၊ လ.ဝ.က အဲဒီလို အစရှိတဲ့ အဖွဲ့ တွေအပြင် မြို့နယ်တိုင်း မြို့နယ်တိုင်းမှာကြတော့ မြို့နယ်ထွေအုပ်နဲ့ မြို့နယ်ကာကွယ် စောင့်ရှောက်ရေးနဲ့ လုံခြုံ ရေးပေါ့ အဲဒီလိုမျိုး အဖွဲ့တွေ ရှိတယ်။ နောက်ပြီးရင် လူသား အရင်းအမြစ်နဲ့ ဖွံ့ဖြိုး တိုးတက်ရေးဌာန ဒါမျိုးတွေ လည်းရှိတယ်။ သူတို့တွေက အကုန်လုံးစုပြီးတော့ လာပြီးတော့ အဲဒါမျိုး။ တစ်ဦးတစ်ယောက်၊ တစ်ခြံ တည်းတွေ၊ အလုပ်ရှင် တစ်ဦးတစ်ယောက်နဲ့ အဲဒီလိုမျိုးဟာမျိုးတွေတော့ ဖြစ်ခဲပါတယ်။ သူတို့မှာက စစ်ဆေးတာ နှစ်မျိုးရှိ တယ်။ အထူးအဖွဲ့သမားတွေ အဖွဲ့စုံတွေ သူတို့ကို တရားဝင် အထောက်အထားတွေလည်း ထုတ်ပေးထားတယ်။ ထုတ်ပေးထားတဲ့ အခါကြတော့ ဝရမ်းယူစရာမလိုဘူး။ အချိန်မရွေး စစ်ပိုင်ခွင့်ရှိတယ်။ အဲဒီ အုပ်စုရှိတယ်။ တချို့ အဖွဲ့တွေကြတော့ သာမန် ဒီစစ်တဲ့အဖွဲ့တွေမှာ တကယ့်တကယ် အဲဒီလိုမျိုး စစ်ချင်တိုင်း စစ်ခွင့်မရှိဘူး။ ဘာလို့လဲ ဆိုတော့ လိမ်ပြီးတော့လေ ငွေညှစ်တဲ့ဟာမျိုးတွေ” ဟု ပြောသည်။

ဖမ်းဆီးခံရသူများကို စစ်ဆေးနေစဉ်

ယခင်က ဖမ်းဆီးရာတွင် နယ်စပ်ဒေများရှိ လ.ဝ.က နှင့် ရဲများက ဘာသာပြန်များ ခေါ်သွားကာ ၎င်းတို့ သွား ရောက် ဖမ်းဆီးမည့် ရပ်ကွက် တာဝန်ရှိသူအား အကြောင်းကြားပြီးမှသာ ဝင်ရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရာတွင် အထူးသဖြင့် တာ့ခ်ခရိုင် နယ်စပ်ဒေသ၌ နေထိုင်သည့် မြန်မာများမှ သက်ဆိုင်ရာ ရဲများအား အဖမ်းမခံရစေရန် ငွေကြေး တစ်စုံတစ်ရာ ပေးဆောင်ထားကြခြင်း ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ အဖွဲ့စုံဖြင့် ဖမ်းဆီးခြင်းသည် ယခင်ကာလများတွင် ရှိခဲ့သော်လည်း ရှားပါးကြောင်း၊ မေလ ၂၀ ရက် နောက်ပိုင်းမှ စတင်ကာ အထောက်အထား မပြည့်စုံသူနှင့် တရားမဝင် နေထိုင်သူများအား ၎င်းပုံစံဖြင့် ပိုမို ဖမ်းဆီး လာခြင်းဖြစ်ကြောင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ထိုင်းဘက် အခြမ်းကိုလည်း ရပ်ကွက် စကားနဲ့ပြောရင် လစဉ်ကြေးတွေပေါ့ သက်ဆိုင်ရာ အာဏာပိုင် တွေကို မဖမ်းရလေအောင် နားလည်မှုလေးနဲ့ လစဉ်ကြေးတွေ ပေးပြီးတော့ နေကြတယ်။ သက်ဆိုင်ရာ အာဏာ ပိုင်ဆိုတာ နယ်စပ်မှာရှိ၊ နယ်စပ်မှာ တာဝန်ကျနေပြီးတော့ တာဝန်ယူနေတဲ့ သူတွေကိုပဲ ပေးရတာဖြစ်တယ်။ အထက်က အခြားအဖွဲ့အစည်းပေါ့ ဥပမာ ဘန်ကောက်တို့၊ ချင်းမိုင်တို့ကလို လ.ဝ.ကတွေ ရဲတွေ အဖွဲ့စုံနဲ့ နယ်စပ် မှာ တာဝန်ကျနေတဲ့ အရာရှိတွေထက်ကို ရာထူးကြီးတဲ့ လူတွေနဲ့ ပူးပေါင်းပြီးတော့မှ အဖွဲ့စုံဖမ်းတယ် ဆိုရင်တော့ လစဉ်ကြေး ပေးထားရင်လည်း မရဘူးပဲ။ အသနားခံလို့ မရဘူး။ အထောက်အထားတွေလည်း မရှိတဲ့အပြင်ကို လစဉ်ကြေး ပေးထားတာလည်း ဘာမှ အဓိပ္ပါယ်မရှိတဲ့ အပြင်ကိုမှ ရှောင်တခင် ဝင်ဖမ်းတာပေါ့။ အဲဒီလို အဖွဲ့စုံ ဖမ်းတယ်ဆိုရင် စာရင်း အတိအကျကို ဖမ်းဆီးတဲ့လူက ယူသွားပြီးတော့ သူလွှဲလိုက်တဲ့ဌာနကို ပြည်တော်ပြန် အဖြစ်နဲ့ ပို့ခိုင်းတာဖြစ်တဲ့အတွက် လုံးဝ လုံးဝ ရွေးထုတ်လို့ မရတော့ဘူး” ဟု ပြောသည်။

ထိုင်းအာဏာပိုင်များ စစ်ဆေးရေး တင်းကြပ်နေစဉ်

လက်ရှိ ထိုင်းနိုင်ငံ၌ မေလ ၁၅ ရက်နေ့ပြီး နောက်ပိုင်းတွင် မြန်မာအများဆုံး နေထိုင်လျက်ရှိသည့် တာ့ခ်ခရိုင်မှာ ထိုင်းအာဏာပိုင်များက ဖမ်းဆီး စစ်ဆေးမှုများ ပိုလုပ်လာလျက်ရှိသည်။

ထို့အပြင် အထွေထွေရွေးကောက်ပွဲပြီးနောက် ထိုင်းနိုင်ငံရေးမှာလည်း အနည်းငယ် မတည်မငြိမ် ဖြစ်နေသဖြင့် အထောက်အထား မပြည့်စုံသူများနှင့် တရားမဝင် နေထိုင်နေသူများသာမက တရားဝင် အထောက်အထား အပြည့်အစုံ ရှိသူများပါ အသွား/အလာ သတိထားကြရန် လိုအပ်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက အကြံပြုသည်။