CNI News

၂၀၂၃ ခုနှစ်၊ မေလ ၄

ထိုင်းတွင် မေလ ၁၄ ရက်နေ့၌ ပြုလုပ်မည့် ရွေးကောက်ပွဲအပြီး နောက်ပိုင်းကာလများတွင် မတည်မငြိမ်မှုများ ဖြစ်လာမည်ကို မြန်မာရွှေ့ပြောင်း လုပ်သားများ အပါအဝင် ထိုင်းနိုင်ငံသားများ အနေဖြင့်လည်း စိုးရိမ်မှု မရှိ ကြောင်း ထိုင်းရှိ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုရွေးကောက်ပွဲပြီးပါက အရပ်သားအစိုးရ တက်လာမည်မှာ သေချာသောကြောင့် မတည်မငြိမ်မှုများ ဖြစ်လာ နိုင်ဖွယ် မရှိကြောင်းနှင့် မတည်မငြိမ်မှုများ ဖြစ်ခဲ့သည်ရှိသော်လည်း ၎င်းနိုင်ငံ၏ အနေအထားကြောင့် ရွှေ့ပြောင်း လုပ်သားများအနေဖြင့် စိုးရိမ်မှုမရှိကြကြောင်း မဲဆောက်တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

ကိုသားကြီးက “ထိုင်းရဲ့ အာဏာရှင်စနစ်က ကျနော်တို့နိုင်ငံနဲ့ ပြန်ယှဉ်တဲ့ အခါကျရင် တော်တော်လေးကို ကွာ တယ်။ သူတို့နိုင်ငံရဲ့ အာဏာရှင်ဟာ ဘယ်လိုပဲ အာဏာသိမ်းသိမ်း တရားရုံးရဲ့ အမိန့်ကို ဥပဒေကို အာဏာရှင် ကလည်း လေးစား လိုက်နာတယ်။ ဆိုလိုတာက တရားဥပဒေစိုးမိုးမှု အပြည့်အဝ ရှိတယ်လို့ ပြောလို့ရတာပေါ့။ ဒါကြောင့်မို့လို့ ထိုင်းနိုင်ငံထဲမှာ ဒီရွေးကောက်ပွဲ ပြီးသွားလို့ အရပ်သား အစိုးရနိုင်သွားရင်လည်း မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ စစ်တပ်က ပြန်လည် အာဏာသိမ်းမှာကို စိုးရိမ်လားလို့မေးရင် လုံးဝမစိုးရိမ်ဘူး။ နိုင်ငံ ခြားသား စီးပွားရေး လုပ်ငန်းရှင်တွေ ထိုင်းနိုင်ငံထဲမှာ လာရောက် ရင်းနှီးမြှုပ်နှံထားတဲ့ အလုပ်ရုံတွေအပေါ်မှာ တည်ဆဲ ဥပဒေအရ တာဝန်ယူထားတာ ဖြစ်တဲ့အတွက် အာဏာပြန်သိမ်းလိုက်ရင်တောင် ဒီနိုင်ငံခြားသား လုပ် ငန်းရှင်တွေအတွက် ဘာမှထိခိုက်တာ မရှိဘူး။ သူက စီးပွားရေးကို အဓိက ဦးစားပေးထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အတွက် သိပ်ပြီးတော့ ချွတ်ခြုံကျသွားမယ်တော့ မရှိဘူး။ သို့သော် ပုံမှန် လည်ပတ် နေတာထက်စာရင် ကျသွားရင် လည်း ရာခိုင်နှုန်း နည်းနည်းပေါ့ သိပ်စိုးရိမ်စရာမရှိဘူး။ပြန်လည် ဦးမော့အောင် သူတို့လုပ်နိုင်တယ်။ ဘာကြောင့် ဆို သူတို့မှာက ဌာနတစ်ခုချင်းစီရဲ့ background တွေ၊ တရားဥပဒေ စိုးမိုးမှုတွေ၊ တာဝန်ယူမှု တာဝန်ခံမှုတွေ ရှိတယ်။ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု လာရောက် ရင်းနှီးထားတဲ့ လုပ်ငန်းရှင်တွေ အပေါ်မှာလည်း သူတို့အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေ အပြည့်ရှိတာ ဖြစ်တဲ့အတွက် စီးပွားရေးပိုင်းဆိုင်ရာတော့ သိပ်စိုးရိမ်စရာမရှိဘူး” ဟု ပြောသည်။

သက်ဆင်သမီး ဖြူးထိုင်းပါတီက ပေတုန်တန်ကိုတွေ့ရစဉ်

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံသားများ အတွက်လည်း အဓိက ကျသည့် နိုင်ငံတစ်ခုဖြစ်သည်။

ထို့ကြောင့် ၎င်းတို့၏ ရွေးကောက်ပွဲတွင် အရပ်သားအစိုးရသာ အာဏာရရှိခဲ့မည် ဆိုပါက နိုင်ငံခြားသား ရွှေ့ပြောင်းများအတွက် အခွင့်အလမ်း ပိုမိုကောင်းမွန်လာမည် ဖြစ်ကြောင်းလည်း ထိုင်းရှိ အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူများက သုံးသပ်ကြသည်။

ထို့အပြင် အစိုးရသစ်တစ်ရပ် တက်လာချိန်တွင် နိုင်ငံတစ်နိုင်ငံ၏ မူဝါဒ အပြောင်းအလဲများ ရှိတတ်သောကြောင့် အစိုးရသစ် ပြောင်းလဲသွားပါက ရွှေ့ပြောင်း လုပ်သားများ၏ အထောက်အထား စာရွက်စာတမ်း အများအပြား ပြုလုပ်နေရခြင်းများလည်း လျော့နည်းသွားနိုင်ကြောင်း ၎င်းတို့က သုံးသပ်သည်။

FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “အများစုကို ကျနော်ခြုံပြောမယ်ဆိုရင်တော့ အဲဒီလောက်ကြီး ဒီအပေါ် မှာလည်း သိပ်ပြီးတော့ အလေးအနက်ထားပြီး ဖြစ်တယ်လို့တော့ ပြောလို့မရဘူး။ အများစုက သူတို့ အဓိကက အလုပ်အကိုင်လေး ပုံမှန်ရှိမယ်။ နောက် အထောက်အထားကိစ္စ ဒီဟာတွေအပေါ် လုံးပန်းနေကြ ရတာကို။ နိုင်ငံ ရေးနဲ့ ပတ်သက်တာဆို ပိုပြီးတော့ ဝေးတယ်လို့ ပြောလို့ရတယ်။ ဒီဟာက ကျနော်တို့ ရွှေ့ပြောင်း အလုပ်သမား တွေအတွက် ဆက်စပ်မှုရှိသလား ဆိုရင် ရှိတာပေါ့။ အစိုးရအသစ် တစ်ရပ် ပြောင်းတယ် ဆိုရင် မူဝါဒပြောင်းတာ လေ။ မူဝါဒပြောင်းမှ အလုပ်သမားနဲ့ ပတ်သက်တဲ့ကိစ္စ၊ သူတို့နိုင်ငံနဲ့ ပတ်သက်တာ အကုန်လုံး အပြောင်းအလဲ ဖြစ်မှာလေ။ ဒီအတွက် ကျနော်တို့က အရေးကြီးတယ်လို့ မြင်တာပေါ့။ လက်ရှိ အုပ်ချုပ်နေတဲ့ စစ်အစိုးရ လက်ထက်မှာ အလုပ်သမား အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ တောင်းဆိုတဲ့ ကိစ္စတွေ ဒီပြဿနာတွေ အများ ကြီးရှိတာကို။ ဆိုတော့ တကယ်လို့သာ အရပ်သား အစိုးရတက်လာမယ်ဆိုရင် အဲဒီပါတီတွေ ထဲမှာလည်း အလုပ် သမား အရေးနဲ့ပတ်သက်ပြီးတော့ အိမ်နီးချင်း နိုင်ငံအရေးနဲ့ ပတ်သက်ပြီး တကယ် လုပ်ချင်ကိုင်ချင်တဲ့ သူတွေ ရှိတာပေါ့။ အဲဒါမျိုးတွေ တက်တယ်ဆိုရင် ကျနော်တို့ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် အခွင့်အလမ်း ပိုရ မယ်” ဟု ပြောသည်။

ထိုင်း၀န်ကြီးချုပ် ပရာယွတ်ကိုတွေ့ရစဉ်

လက်ရှိတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများထဲမှ ထိုင်းဝန်ကြီချုပ်ဟောင်း သက်ဆင်၏ သမီးဖြစ်သူ ပေတုန်တန် ပါဝင်သည့် ဖြူးထိုင်းပါတီသည် ထိုင်းနိုင်ငံသားများသာမက ရွှေ့ပြောင်းလုပ်သား အများစုကပါ စိတ်ဝင်စားနေကြခြင်း ဖြစ်သည်။

ထို့အပြင် ထိုင်းဝန်ကြီချုပ်ဟောင်း သက်ဆင်၏ သမီးဖြစ်သူ ပေတုန်တန်သည်လည်း အနာဂတ် ဝန်ကြီးချုပ် လောင်းအဖြစ် ရေပန်းစားလျက်ရှိသည့်အပြင် အလုပ်သမား အခွင့်အရေးနှင့် ပတ်သက်ပြီး ခံစားခွင့်များပိုမို ရနိုင်သောကြောင့် အနိုင်ရရန်လည်း မြန်မာရွှေ့ပြောင်း အလုပ်သမားများက မျှော်လင့်နေကြသည်။