CNI News

၂၀၂၃ ခုနှစ်၊ မေလ ၅

မလေးရှားဘက်မှ မြန်မာလုပ်သားများ ခေါ်ယူရာတွင် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ လက်ရှိ ၂၀၂၃ ခုနှစ်၊ မေလအထိ အလုပ်ခေါ်စာများ မရှိသလောက် နည်းပါးနေကြောင်း မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများအဖွဲ့ချုပ်(MOEAF) မှ ဒုတိယဥက္ကဋ္ဌ (၂) ဦးကျော်ထင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်မကုန်ခင် အချိန်အထိ အေဂျင်စီအချို့တွင် အလုပ်ခေါ်စာအသစ်ဖြင့် မြန်မာလုပ်သား ခေါ်ယူမှု အနည်းငယ်ရှိခဲ့ကြောင်း၊ ထိုသို့ စေလွှတ်ရာ၌ အချို့အေဂျင်စီများတွင် အလုပ်ခေါ်စာ တစ်ခုလျှင် လူဦးရေ ၇၀ ဝန်းကျင်ခန့်အထိ စေလွှတ်နိုင်ခဲ့ကြကြောင်း သိရသည်။

MOEAF မှ ဒုတိယဥက္ကဋ္ဌ (၂) ဦးကျော်ထင်ကျော်က “မရှိသလောက်ကို ရှားတယ်။ ဘာလို့ဆို သူတို့ ဗမာအတွက် လည်း approval အသစ်က မကျသေးဘူး။ တချို့ကျ တော့လည်း အစားထိုးတဲ့ဟာတွေလေ။ ဥပမာ cancel ဖြစ်ပြီးတော့ မသွားဖြစ်ကြတော့ အစားထိုးကြတာ အဲဒါ တွေများတယ်။ အခု မလေးရှားကိုပို့တဲ့ အေဂျင်စီ တော်တော်များများမှာတော့ Demand နည်းတာပေါ့။ သူ့ဘာသာသူ ရတဲ့လူတွေလည်း ရှိကြတယ်၊ သူ့အဆက် အသွယ်နဲ့သူပေါ့။ ဈေးကွက်ကြတော့ ပြောမရဘူးလေ။ ဟိုဘက်မှာရှိတဲ့ အေဂျင်စီက ဒီဘက်မှာရှိတဲ့ ဗမာ အေဂျင်စီနဲ့ အလုပ်သမား ခေါ်ယူခွင့် agreement တွေကြတော့ ကုမ္ပဏီတစ်ခုနဲ့တစ်ခု မတူဘူးထင်ပါတယ်။ နောက်ပြီးတော့ အခုက ဈေးကွက်အရလည်း ဘင်္ဂလားဒေ့ရှ်တို့၊ နီပေါတို့က နည်းနည်းလေး ဗမာထက်ပိုပြီးတော့ ဟိုဘက်မှာ Favorite ဖြစ်တာပေါ့။ ဒီမှာ ဟိုဘက်ကို သွင်းပေးရတဲ့ အေဂျင်စီခတွေပေါ့ ဟိုဘက်ကနေပြီးတော့ အလုပ်သမားခေါ်တဲ့ ဟိုဘက်မှာရှိတဲ့ အေဂျင်စီကို ပေးရတဲ့ ပမာဏက နီပေါတို့ ဘင်္ဂလားဒေ့ရှ်တို့က ဗမာထက် ပိုပြီး အများကြီး ပေးတယ်လေ။ ဗမာ အလုပ်သမားထက်ပိုပြီး အများကြီးပေးတဲ့အတွက် သူတို့ကိုပိုပြီး ဦးစားပေး ပြီး ခေါ်တဲ့ သဘောရှိတယ်။ ဗမာက အဲဒီလောက်အထိ ဈေးကွက်ကို လိုက်မပေးနိုင်ဘူး။ အလုပ်လုပ်တဲ့ စွမ်းအား ကတော့ ဗမာအလုပ်သမားက ပိုတောင်မှပဲ လုပ်နိုင်သေးတယ်။ သူတို့လည်း ကြိုက်ကြတာပဲ။ ဒါပေမယ့် လည်း ဈေးကွက်အနေအထား အရတော့ ပိုက်ဆံရတဲ့ အလုပ်သမား ပိုခေါ်တဲ့ ဦးစားပေးခေါ်တဲ့ သဘောဖြစ်နေတာပေါ့” ဟု ပြောသည်။
မြန်မာလုပ်သား အများဆုံးသွားရောက် လုပ်ကိုင်သည့် နိုင်ငံများထဲတွင် မလေးရှားသည် ဒုတိယနိုင်ငံ အနေအထား ၌ ရှိနေကြောင်း၊ ကိုဗစ်မတိုင်ခင် ကာလများတွင် အလုပ်ခေါ်စာဖြင့် လုပ်သားခေါ်ယူမှု အများအပြား ရှိခဲ့ကြောင်း သိရသည်။

မလေးရှားက အလုပ်ရုံတစ်ခုကိုတွေ့ရစဉ်

မလေးရှားနိုင်ငံမှ မြန်မာလုပ်သားများအား အလုပ်ခေါ်စာအသစ်ဖြင့် ခေါ်ယူမှု မရှိသလောက် နည်းသွားရခြင်း သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ အပြောင်းအလဲနှင့် ၎င်းတို့နိုင်ငံတွင်လည်း အစိုးရအသစ် တက်လာသည့် အနေအထားများဖြင့်လည်း ဆက်စပ်မှုရှိကြောင်း မလေးရှားတွင် နေထိုင်လျက်ရှိသည့် ကိုစိုးက CNI သတင်းဌာန သို့ ပြောသည်။

ကိုစိုးက “ဒီဘက် သူဌေးတွေကို မေးကြည့်တာတော့ မြန်မာတွေ အခုနောက်ပိုင်း ခေါ်ရတာက ခက်လည်း ခက်ခဲ လာတယ်။ ပြီးကျတော့ နည်းနည်း သူတို့က တခြားလူမျိုးခေါ်တာထက်စာရင် ဈေးလည်း ပိုပေးရတယ်လို့ ပြော တယ်။ ပိုက်ဆံ ကုန်ကျစရိတ် များတယ်ပေါ့။ မခေါ်တော့ဘဲနဲ့ မြန်မာတွေ ခေါ်တာနည်းသွားပြီးတော့ နီပေါတို့ ဘင်္ဂလားတို့ တခြားလူမျိုးတွေ ခေါ်တာ များလာတယ်။ ဒီနိုင်ငံရေး အပြောင်းအလဲတွေလည်း ပါတာပေါ့။ အဲဒါတွေ ကြောင့် ကောလင်း ချမပေးတာတွေလည်း ပါတာပေါ့။ ဟိုဘက်မှာက ခက်တာက ပတ်စပို့ စာအုပ်တောင် လုပ်ရ ကိုင်ရတာ မလွယ်ဘူးလေ။ စာအုပ်တစ်အုပ် ရဖို့အရေး တော်တော်အချိန်ပေးပြီးတော့ လုပ်နေရတာ။ တော်တော် ခက်ခက်ခဲခဲ ဆိုတော့ကြတော့လည်း ဒီဘက်က လုပ်ငန်းရှင်က ဘယ်ခေါ်ချင်တော့လိမ့်မလည်း။ မြန်မာပိုင်း ကတော့ ဒီစာအုပ်တွေဘာညာ မြန်မြန်ဆန်ဆန် ထုတ်ပေးတာဘာညာ အဲဒီလိုမျိုးပေါ့“ ဟု ပြောသည်။

နိုင်ငံတစ်နိုင်ငံသို့ တရားမဝင် လမ်းကြောင်းမှ ခိုးဝင်ကာ နေထိုင် အလုပ်လုပ်ကိုင်ရာတွင် အခက်အခဲမျိုးစုံ ရှိသော ကြောင့် တရားဝင်သာ သွားရောက် နေထိုင်ပြီး အလုပ်လုပ်ကိုင်သင့်ကြောင်းလည်း မြန်မာနိုင်ငံ ပြည်ပအလုပ် အကိုင် ရှာဖွေရေး အေဂျင်စီများအဖွဲ့ချုပ်(MOEAF) မှ ဒုတိယဥက္ကဋ္ဌ (၂) ဦးကျော်ထင်ကျော်က အကြံပြုသည်။

မြန်မာများ ပြည်ပသို့ထွက်ခွာရန် လေယာဉ်စောင့်နေကြစဉ်

မလေးရှားသို့ အလုပ်သမား စေလွှတ်ရာတွင် ဝန်ဆောင်ခစရိတ်မှာ အလုပ်သမားတစ်ဦးလျှင် လေယာဉ်လက်မှတ် ခများ အပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၅၀ တရားဝင် သတ်မှတ်ထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပွားပြီးနောက် ပြည်ပနိုင်ငံများသို့ ထွက်ခွာကြသူ အများအပြား ရှိနေကြောင်း၊ အလုပ်သမားဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်အထိ အလုပ်သမား ၃၅၆၄ ဦးကို ပြည်ပနိုင်ငံများသို့ စေလွှတ် ခွင့်ပြုထားကြောင်း သိရသည်။

၎င်းတို့သည် အေဂျင်စီများဖြင့် လည်းကောင်း၊ အဆင့်မြှင့် ကျွမ်းကျင်လုပ်သားများအား မိမိအစီအစဉ်ဖြင့် လည်း ကောင်း သွားရောက်ကြသူများဖြစ်သည်။

ထိုအထဲတွင် စင်ကာပူသို့ ၂၁၈၅ ဦး၊ ကိုရီးယားသို့ ၂၂၅ ဦး၊ ဂျပန်သို့ ၂၆၂ ဦး၊ မလေးရှားသို့ ၈၄ ဦးနှင့် အခြားသော နိုင်ငံများသို့ ၈၀၈ ဦးကို အသီးသီး စေလွှတ် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။