CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၃

မလေးရှားနိုင်ငံသို့ ထိုင်းနိုင်ငံ တောင်ပိုင်း-မလေးရှား နယ်စပ်မှတဆင့် တရားမဝင် ခိုးဝင်လာသူ များပြားလာသဖြင့် လက်ရှိတွင် မလေးရှားအာဏာပိုင်များက ၎င်းနယ်စပ်အား ယခင်ထက် လုံခြုံရေး ပိုမိုတင်းကျပ်လိုက်ကြောင်း မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက CNI သတင်းဌာနသို့ပြောသည်။

အဆိုပါ နယ်စပ်မှတဆင့် မလေးရှားနိုင်ငံသို့ တရားမဝင် ခိုးဝင်သူများသည် မြန်မာနိုင်ငံမှ အများဆုံးဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်နေ့က မလေးရှား လ.ဝ.က အကြီးတန်း အရာရှိတစ်ဦးမှ နယ်စပ်ဂိတ်များအား လိုက်လံ စစ်ဆေးခဲ့ပြီးနောက် ယခုကဲ့သို့ လုံခြုံရေး ပိုမိုတင်းကျပ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

မလေးရှားတွင် မြန်မာအလုပ်သမားများအား ကူညီပေးနေသည့် မချိုသဲက “မလေးရှားက လုံခြုံရေး တင်းကျပ်ရတဲ့အကြောင်းအရင်းကလေ မြန်မာနိုင်ငံကနေ ထိုင်းကို တစ်ချို့က အလည်ဗီဇာနဲ့ဝင်တယ်။ အလည် ဗီဇာတွေနဲ့ဝင်ပြီး ထိုင်းကနေ မလေးရှားကို အောက်လမ်းကနေ တဆင့်ပြန်ဝင်တယ်။ အောက်လမ်းက ဆိုတာက ဘတ်စ်ကားနဲ့သော်လည်း ရေလမ်းကြောင်းနဲ့သော်လည်းကောင်း အဲဒီလို ခိုးဝင်တဲ့လူတွေများတဲ့အတွက်ကြောင့်။ ဘယ်နိုင်ငံမဆိုကတော့ ကိုယ့်နိုင်ငံအတွင်းကို ခိုးဝင်တယ်ဆိုတာကတော့ ဘယ်အစိုးရကမှတော့ ကြိုက်တာ မဟုတ်ဘူးလေ။ နိုင်ငံတိုင်းကတော့ ကိုယ့်နေရာမှာလာပြီးတော့ ခိုးဝင်တာတို့ ဘာတို့ကျတော့ ဘယ်သူမှ လက်သင့်ခံချင်တဲ့ ကိစ္စမဟုတ်ဘူးလေ” ဟု CNI သို့ ပြောသည်။

မြန်မာနိုင်ငံသားများသည် မလေးရှားနိုင်ငံသို့ ရနောင်း-ကော့သောင်းလမ်းမှတဆင့် ရေလမ်းကြောင်းဖြင့် ခိုးဝင် ခြင်းများလည်းရှိပြီး များသောအားဖြင့် ထိုင်း-မလေးရှားနယ်စပ်မှ ခိုးဝင်ခြင်းဖြစ်ကာ တစ်ရက်လျှင် လူ ၁၀ ဦးမှ ၅၀ ခန့် ပျမ်းမျှအားဖြင့် ခိုးဝင်လာကြပြီး ကားစင်းလုံးဖြင့် ခိုးဝင်မှုများပြားကြောင်း သိရသည်။

မလေးရှားအာဏာပိုင်မှ ယခင်က ထိုင်း-မလေးရှားနယ်စပ်တွင် လုံခြုံရေးအဖြစ် ရဲများကိုသာ ချထားခြင်းဖြစ်ပြီး ယခုလက်ရှိတွင် စစ်တပ်ကိုပါပူးတွဲချထားကြောင်း မလေးရှားမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ကူညီမှု အဖွဲ့ အစည်းမှ အထွေထွေအတွင်းရေးမှူး ဦးချစ်ကောင်းက CNI သတင်းဌာနသို့ ပြောသည်။

“အရင်တုန်းကတော့ ရဲဝန်းကျင်လောက်ပဲ။ အခုကတော့ တပ်ကပါ ပါလာတာပေါ့။ အခုနယ်စပ်မှာကတော့ ပြောမယ်ဆိုရင် စစ်တပ်ကို နယ်ခြားစောင့်ဖို့အတွက်ဆိုပြီးတော့ ပါဝါ ပေးထားတဲ့ သဘောရှိတာပေါ့။ စစ်တပ်ကနေပဲ တော်တော်များများဖမ်းတယ်။ ဖမ်းပြီးတော့မှ သူက ရဲကို ပေးတယ်။ ရဲကနေမှ သူ့ရဲ့လုပ်ထုံး လုပ်နည်းနဲ့အညီ အမှုဖွင့်ပြီးတော့ လ.ဝ.ကကို ပြန်ပြီးတော့ ပေးတာပေါ့။ တပ်က ချထားတယ်ဆိုတော့ ပြောမယ်ဆိုရင် ပစ်တာ ခတ်တာတော့ မရှိပါဘူး။ မလေးရှားနိုင်ငံရဲ့ အနေအထားအရတော့ တပ်ဆိုရင်တော့ တော်တော်များများ ကြောက်ကြတယ်။ သူ့ကို ပါဝါပေးထားတာဖြစ်တဲ့အတွက် သူ့နိုင်ငံသားတွေကလည်း တော်ရုံတန်ရုံ ကိစ္စဆိုရင် ရပ်ဆို ချက်ချင်းရပ်ပေးလိုက်တဲ့ အနေအထားမျိုးတွေရှိတယ်။ ကိုယ့်နိုင်ငံသားတွေ ကတော့ တစ်ခါတစ်လေကျရင် မသိဘဲနဲ့ ပြေးတာပြုတာတွေရှိရင်တော့ ပစ်တာခတ်တာတွေ ဖြစ်ကောင်း ဖြစ်သွားနိုင်တယ်။ အဲဒါလေးတော့ သတိပေးချင်တယ်။ တကယ်လို့ မလွတ်တော့ဘူးဆိုမှတော့ ဘာမှအများကြီး စဉ်းစားမနေနဲ့။ အဖမ်းသာခံလိုက်တော့။ မလွတ်တော့ဘူးလေ ပြေးမယ်ဆိုရင်လည်း ရဲကလည်း ပစ်လို့ရတယ်။ မလေးရှားနိုင်ငံရဲ့ ဥပဒေမှာ ရဲက ခုခံတယ်ဆိုရင် အဲဒီနေရာမှာတင် ပစ်သတ်လိုက်လို့ရတယ်။ သူ့နိုင်ငံသားတွေ တောင်မှပဲ ရဲ ပစ်သတ်တာတွေရှိတယ်ပေါ့။ ကျနော်တို့ နိုင်ငံသားတွေကျတော့ တချို့ကျ နားမလည်တာတွေ ရှိတယ်။ မသိတာတွေရှိတယ်။ ဗဟုသုတ နည်းတာမျိုးတွေရှိတဲ့အခါကျတော့ မြင်တာနဲ့ ပြေးကြ ဆိုပြီး ပြေးကြတဲ့ အခါမှာ ကောင်းတဲ့ ရဲတွေ၊ စစ်သားတွေနဲ့ တွေ့ရင်တော့ ပြဿနာမရှိဘူးပေါ့လေ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မလေးရှားနိုင်ငံသို့ တရားမဝင် ခိုးဝင်သည့် မြန်မာများမှာ ယခုမှ ပထမဆုံး သွားရောက်လုပ်ကိုင်မည့် သူများပါဝင်သလို Overstay သမားများအဖြစ် လက်ဗွေနှိပ်ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ခံရပြီးနောက် မလေးရှားနိုင်ငံ သို့ တရားဝင်လမ်းကြောင်းမှ ဝင်ရောက်၍ မရသည့်သူမျာလည်း ပါဝင်ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်လာသည့်အထဲတွင် အဖမ်းခံရသူများရှိသကဲ့သို့ အဖမ်းအဆီးမခံရဘဲ မလေးရှားနိုင်ငံသို့ ဝင်ရောက်သွားသည့်သူများလည်း ရှိကြောင်း၊ ယင်းသို့ ဖမ်းဆီးမခံရသူများမှာ ပွဲစားများမှ မလေးရှား အာဏာပိုင် ဝန်ထမ်းများအား ငွေကြေးပေးကမ်းထားမှုကြောင့်ဟု မလေးရှားတွင် မြန်မာအလုပ်သမားများအား ကူညီပေးနေ သည့် မချိုသဲက CNI သတင်းဌာနသို့ ပြောသည်။

“မြန်မာနိုင်ငံမှာဆိုရင်လည်း စီးပွားရေးရှာရတာတွေက အဆင်မပြေတာတွေ များတယ်လေ။ စီးပွားကြပ်တည်း ကြတယ်။ တချို့ကကျတော့ ထိုင်းကပြန်သွားကြတဲ့လူတွေရှိတယ်၊ မလေးရှားကနေ ပြန်သွားကြတဲ့လူတွေ ရှိတယ်။ မြန်မာပြည်ရောက်တော့ အရင်လိုမျိုး ရှာစားရတာအဆင်မပြေ။ နိုင်ငံရေးတွေနဲ့ ကုန်ဈေးနှုန်းတွေနဲ့ ပြန်တက်လာချင်ကြတော့ တချို့ကကျတော့ မလေးရှားကနေ ပြန်တယ်ဆိုကတည်းက လက်ဗွေနှိပ်ပြီး ပြန်ရတယ်။ immigration မှာ လ.ဝ.ကမှာ ဒဏ်ကြေးဆောင် လက်ဗွေနှိပ် လေယာဉ်လက်မှတ်ဝယ်ပြီး ပြန်လို့ရတယ်။ အဲဒီ ပြန်တဲ့သူတွေသည် သူတို့က Blacklist ထည့်လေရှိတယ်။ ဒီနိုင်ငံမှာ overstay နေပြီးတော့မှ သူတို့ကိုယ်တိုင်ဝန်ခံပြီး ဒဏ်ကြေးနဲ့ပြန်တဲ့လူတွေဆိုပြီး။ အဲဒီတော့ကျ မလေးရှားကို တရားဝင်နဲ့လာမယ်ဆိုလည်း လာလို့မရတော့ ခိုးဝင်ပြီးမှ လာတာများတယ်။ အဲဒီတော့ကျ မလေးရှားက လုံခြုံရေးကို ပိုပြီးတင်းကျပ်တယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မလေးရှားဘက်မှ နယ်စပ်တွင်သာမက နိုင်ငံအတွင်းမှာပါ တရားမဝင် အထောက်အထားမဲ့များအား အဖမ်းအဆီးများပြားနေပြီး တစ်ပတ်လျှင် နှစ်ရက်ခန့် ဖမ်းဆီးကာ ထိုသို့ ဖမ်းဆီးခြင်းနှင့် လုံခြုံရေး တင်းကျပ်ခြင်း တို့အား ယခုနှစ်ကုန်ပိုင်းအထိ လုပ်ဆောင်နိုင်ကြောင်း မလေးရှားရှိ မြန်မာအဖွဲ့အစည်းများထံက သိရသည်။