မြန်မာအေဂျင်စီ ၁၀ ခုကျော် အချက်အလက်ပြည့်စုံ၍ စာချုပ်ကိစ္စ ဆောင်ရွက်ခိုင်းထားဟု ဆို

CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၉

မြန်မာအလုပ်သမားများအား ထိုင်းနိုင်ငံသို့ နှစ်နိုင်ငံသဘောတူစာချုပ် MOU စနစ်ဖြင့်စေလွှတ်နိုင်ရန် လက်ရှိတွင် Demand ပြည့်စုံသည့် မြန်မာအေဂျင်စီ ၁၀ ခုကျော်အား စာချုပ်ကိစ္စများ ဆောင်ရွက်ရန် တင်ပြခိုင်းထားကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ရွှေ့ပြောင်းလုပ်သားဌာနခွဲမှ CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားစေလွှတ်ခွင့်ရသည့် လိုင်စင်ရအေဂျင်စီများမှာ ၁၁၄ ခု ရှိသည်။

ရွှေ့ပြောင်းလုပ်သားဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်အေးမွန်စိုးက “ပို့ခွင့်ရှိတဲ့ အေဂျင်စီကကျတော့ ၁၀၀ ကျော် ရှိတယ်။ ထိုင်းကို အလုပ်သမားစေလွှတ်ခွင့်ရတဲ့ အေဂျင်စီက ၁၀၀ ကျော်ရှိတာ။ အဲဒီ ၁၀၀ ကျော်မှာမှ တင်လာတဲ့ Demand တွေမှာမှ ပြည့်စုံတဲ့သူတွေကို ချပေးလိုက်တာ ၁၀ ကျော်ရှိတယ်လို့ ပြောတာ။ ၁၀ ကျော်လောက်တော့ demand ပြည့်စုံတယ်ဆိုပြီးတော့ စာချူပ်ချုပ်ဖို့အတွက် ဘယ်နေ့ချုပ်မှာလဲ၊ လူဘယ်နှစ်ယောက်နဲ့ချုပ်မှာလဲ ဆိုတာ တင်ခိုင်းထားတာ” ဟု ပြောသည်။

ထိုအေဂျင်စီ ၁၀ ခု ကျော်တွင် လျှောက်ထားသည့် မြန်မာအလုပ်သမား ထောင်ဂဏန်းရှိကြောင်းလည်း သိရသည်။
လက်ရှိတွင် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် မြန်မာအလုပ်သမားများအား ထိုင်းနိုင်ငံသို့ မတ်လကုန်နှင့် ဧပြီလ ဆန်းပိုင်းတွင် စေလွှတ်နိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

ထိုင်းသို့ MOU ဖြင့်သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် အေဂျင်စီများတွင် စာချုပ်ချုပ်ဆိုထားသူများ၌ ကိုဗစ် မတိုင်ခင်ကတည်းက ချုပ်ဆိုထားသူများလည်း ရှိသည်။

သို့သော် စေလွှတ်သည့်အခါတွင် အချက်အလက် အပြည့်အစုံ၊ အဆင်သင့်ဖြစ်နေသည့် မြန်မာအလုပ်သမားများကို ဦးစွာစေလွှတ်မည်ဖြစ်ကြောင်း ရွှေ့ပြောင်းလုပ်သားဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်အေးမွန်စိုးက CNI သတင်းဌာန သို့ ပြောသည်။

“ကျမတို့ကတော့ ဘယ်သူအရင် မဟုတ်ဘူးလေ။ အေဂျင်စီက စေလွှတ်စာရင်းတင်တဲ့ပေါ်မှာပဲ မူတည်တာပဲ။ အဲဒါကတော့ သူတို့နဲ့ အေဂျင်စီနဲ့ပဲ ပတ်သက်တာပေါ့နော်။ အေဂျင်စီကလည်း သူတို့ဆီက ဝန်ဆောင်ခ ယူထား ရင်တော့ အေဂျင်စီနဲ့ အလုပ်သမားနဲ့ သူတို့နှစ်ယောက် အလုပ်အပ်ထားတဲ့ပေါ်မှာ မူတည်မှာပေါ့။ ကျမတို့ကတော့ အေဂျင်စီကနေမှ ဒီလူဒီလူစေလွှတ်ခွင့်ပြုပါဆို ကျမတို့ကတော့ အားလုံးပြည့်စုံတဲ့သူဆို စေလွှတ်ခွင့်ပြုဖို့ ဆောင် ရွက်ပေးတာပါပဲ” ဟု ၎င်းက ပြောသည်။

မြန်မာအလုပ်သမားများအား ထိုင်းနိုင်ငံသို့ MOU ဖြင့် စေလွှတ်ရာတွင် မြဝတီ-မဲဆောက် လမ်းကြောင်းကနေသာ အဓိက စေလွှတ်မည်ဖြစ်ကြောင်းနှင့် တစ်ရက်လျှင် အလုပ်သမား ၅၀၀ ခန့် စေလွှတ်မည်ဖြစ်ပြီး တစ်ပတ်လျှင် တနင်္လာမှ သောကြောနေ့အထိ ‌စေလွှတ်မှာဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်မှ မြန်မာအလုပ်သမားများ ဝင်ရောက်လာမှုအပေါ် မူတည်ကာ ကွာရန်တင်းစင်တာများ ထပ်မံ တိုးချဲ့သွားမည်ဖြစ်ကြောင်းလည်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနထံမှ သိရသည်။

အေဂျင်စီများအနေဖြင့် ဝန်ဆောင်စရိတ် ကောက်ခံရာတွင် တစ်ဦးကို ယခင်က ငွေကျပ် တစ်သိန်းခွဲသာ ကောက်ခံ သော်လည်း ယခုအခါတွင် ငွေကျပ် သုံးသိန်းကောက်ခံရန် သတ်မှတ်ထားကြောင်းလည်း သိရသည်။