CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၂

ထိုင်းသို့ နှစ်နိုင်ငံသဘောတူစာချုပ် MOU စနစ်ဖြင့် မြန်မာအလုပ်သမားများစေလွှတ်ခြင်းအား ဧပြီလဆန်း ‌နောက်ပိုင်းမှသာ စေလွှတ်နိုင်တော့မည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ရွှေ့ပြောင်းလုပ်သား ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်အေးမွန်စိုးက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် အေဂျင်စီ (၁) ခုမှ စာချုပ်ချုပ်ဆိုရန် တင်ထားသည့်အတွက် မတ်လ ၂၅ ရက်နေ့၌ အလုပ်ရှင်နှင့် အလုပ်သမားသဘောတူစာချုပ် ချုပ်ဆိုရန်ရှိကြောင်းနှင့် အဆိုပါအေဂျင်စီမှ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမား ၆၀၀ ကျော်ခန့်ရှိကြောင်းလည်း သိရသည်။

ညွှန်ကြားရေးမှူး ဒေါ်အေးမွန်စိုးက “စေလွှတ်ဖို့ကလိုသေးတယ်။ လိုသေးတယ်ဆိုတာက EC စာချုပ်ချုပ်၊ ချုပ်ပြီးပြီဆိုရင် သူတို့ရဲ့ name list တွေတက်လာမယ်။ အဲဒီ name list တွေကို ဟိုဘက်ကို လှမ်းပို့၊ ဟိုဘက်ကို လှမ်းပို့ပြီးရင် DOE ကိုပို့၊ အဲဒီမှာသူတို့က တံဆိပ်တုံးထု၊ ပြီးတော့မှ ဒီဘက်ကိုဝင်လို့ရအောင်အတွက် လ.ဝ.က ဘက်ကို လှမ်းပြီးတော့မှ တံဆိပ်တုံးထု၊ အဲဒီဟာတွေ အားလုံးအဆင်သင့်ဖြစ်ပြီဆိုတော့မှ ဒီဘက်ကလွှတ်လို့ ရတာလေ။ နောက်လွှတ်မယ်ဆိုရင် ဒီဘက်ကိုကျန်သေးတာပေါ့။ ဟိုဘက်ကနေမှ လ.ဝ.က ဘက်ကနေ ဝင်ခွင့်ရဖို့ အတွက်တွေ ဘာတွေနဲ့ဆိုတော့လေ”ဟု ပြောသည်။

မူလအစက အလုပ်သမားညွှန်ကြားမှုဦးစီးဌာနအနေဖြင့် MOU ဖြင့် ထိုင်းသို့ အလုပ်သမားစေလွှတ်ခြင်းကို မတ်လ ကုန်၊ ဧပြီလဆန်းတွင် စတင်စေလွှတ်နိုင်မည်ဟု ပြောဆိုထားခြင်းဖြစ်သည်။

ယခုအခါ ဧပြီလဆန်းနောက်ပိုင်းတွင် စေလွှတ်နိုင်မည်ဟုဆိုသော်လည်း အချိန်ကာလ အတိအကျ မပြောနိုင် ကြောင်း ညွှန်ကြားရေးမှူး ဒေါ်အေးမွန်စိုးက ဆက်ပြောသည်။

ညွှန်ကြားရေးမှူး ဒေါ်အေးမွန်စိုးက “ဧပြီလအတွင်းတော့ လွှတ်ဖြစ်မှာပေါ့နော်။ ဘာလို့လဲဆိုတော့ အစောဆုံး ချုပ်မယ့်သူတောင်မှ စာချုပ်က ၂၅ ရက်နေ့ချုပ်မှာဆိုတော့လေ။ သူတို့စာချုပ်ချုပ်တာက ၂၅ ဆိုရင် အဲဒီပေါ်မှာပဲ မူတည်ဦးမှာနော်။ သူတို့ကလည်း လူစုရသေးတယ်။ စာချုပ်ချုပ်ရသေးတယ်ဆိုတော့။ လူကလည်း တစ်နိုင်ငံ လုံးကလူတွေစုတာဆိုတော့။ ပြီးတော့ သူတို့မှာ လုပ်ငန်းစဉ်တွေလည်းရှိတာဆိုတော့။ နှေးရင်တော့ နှေးမှာပေါ့ လေ။ ဒါပေမယ့် တကယ်တမ်းကျတော့ လုံခြုံစိတ်ချပြီးတော့ မှန်မှန်ကန်ကန် အလုပ်ကိုရောက်ဖို့၊ မှန်မှန်ကန်ကန် လုပ်ခလစာတွေရပြီးတော့ လုံလုံခြုံခြုံနဲ့ သွားနိုင်ဖို့က အဓိကပဲလေ။ အဲဒီတော့ မြန်မြန်ကြီးသွားချင်တယ်ဆိုပေ မယ့် မြန်ချင်တော့ တရားမဝင်တွေသွား၊ အဖမ်းခံရ ဒုက္ခတွေရောက် အဲဒီလိုမျိုးထက် ကိုယ့်ဘာသာကိုယ် ပလောင်တောင်တက်နှေးပေါ့။ ဖြေးဖြေးမှန်မှန်လုပ်တာအကောင်းဆုံးပဲလို့ ပြောချင်ပါတယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံသို့ MOU ဖြင့် စေလွှတ်ရာတွင် မြဝတီ-မဲဆောက် လမ်းကြောင်းမှသာ အဓိက စေလွှတ်မည်ဖြစ်ကာ တစ်ရက်လျှင် လူဦးရေ ၅၀၀ ခန့်ဖြင့် တနင်္လာမှ သောကြာနေ့အထိ စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒါ့အပြင် ထိုင်းနိုင်ငံဘက်မှလည်း မြန်မာအလုပ်သမားဝင်ရောက်မှုပေါ်မူတည်ကာ ကွာရန်တင်းစင်တာတိုးချဲ့ သွားမည်ဟု ဆိုသော်လည်း လက်ရှိအချိန်တွင် ကိုဗစ်ကူးစက်မှုလျော့ကျနေသည့်အတွက် နောက်ပိုင်းတွင် ကွာရန်တင်း မရှိတော့ဘဲ အလုပ်သမားအများအပြား ဝင်ရောက်နိုင်ခြေရှိလာနိုင်ကြောင်းလည်း သိရသည်။

ကွာရန်တင်းဝင်ရန် ကုန်ကျစရိတ်အား ထိုင်းအလုပ်ရှင်ဘက်မှ ပေးဆောင်ရန်ဆိုသည့်အချက်ကို စာချုပ်ချုပ် ရာတွင် အလုပ်သမားဝန်ကြီးဌာနမှ ထည့်သွင်းထားကြောင်းနှင့် ကုန်ကျစရိတ်အား အလုပ်သမားဘက်သို့ တောင်းခံခဲ့သည်ရှိသော် တိုင်ကြားနိုင်ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံကို အလုပ်သမား စေလွှတ်ရန်အတွက် တရားဝင်ခွင့်ပြုထားသည့် လိုင်စင်ရ အေဂျင်စီ အရေအတွက် ၁၁၄ ခု ရှိကြောင်းလည်း သိရသည်။