CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၈

ထိုင်းကို MOU ဖြင့် ဧပြီလတွင် စေလွှတ်နိုင်ရန် လုပ်ဆောင်နေသော်လည်း သင်္ကြန်ပိတ်ရက်များ ရှိနေသည့် အတွက် မေလမှ စေလွှတ်နိုင်တော့မည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ရွှေ့ပြောင်းလုပ်သား ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်အေးမွန်စိုးက CNI သတင်းဌာနသို့ ပြောသည်။

“သွားမယ့်လမ်းကြောင်းက မဲဆောက်- မြဝတီတို့ ရနောင်းတို့ပေါ့လေ။ များသောအားဖြင့်က မြဝတီဘက်က သွားမယ့်ပုံစံမျိုးရှိတယ်။ သွားမယ်ဆိုရင် ကြိုပြီးတော့ သက်ဆိုင်ရာ ပြည်နယ်တိုင်းဒေသရဲ့ အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနတို့နဲ့ သူတို့ရဲ့လုံခြုံရေးတွေဘာတွေအတွက်လည်းလေ ရှိတဲ့အတွက်ကြောင့်မို့လို့ သူတို့က မစေလွှတ်ခင် နှစ်ပတ်လောက်အလိုမှာ ကျမတို့ကို တင်ပြပြီးတော့မှ။ ဧပြီလကုန် မေလဆန်းလောက် ဖြစ်လောက်လိမ့်မယ်လို့မှန်းတယ်။ ဘာလို့ဆို သူတို့ရဲ့လုံခြုံရေးက ရှိသေး တယ်လေ။ လူအများကြီးနဲ့ သွားမှာ လမ်းကြောင်းနဲ့ သွားမှာဆိုတော့လေ။ အမတို့က သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရတွေ ဘာတွေနဲ့လည်း အကြောင်းကြားရမှာတွေ ရှိသေးတယ်လေ”ဟု ပြောသည်။

ယခုကဲ့သို့ MOU ဖြင့် ထိုင်းကို သွားရန်အတွက် အချိန်ရွှေ့ဆိုင်းနေသည်မှာ များနေပြီဖြစ်ကြောင်းနှင့် မည်သည့် ကိစ္စရပ်တို့ အဆင်မပြေသည်ကို ပွင့်ပွင့်လင်းလင်းသိချင်ကြောင်း ထိုင်းကို MOU ဖြင့် သွားရောက်လုပ်ကိုင်ရန် စောင့်ဆိုင်းနေသည့် ကိုထွန်းလင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။

“လတွေလည်းမနည်းတော့ဘူး နှစ်တွေလည်းမနည်းတော့ဘူး။ စောင့်လိုက်ရတာ။ အခုလည်း သူတို့ ခန့်မှန်းထား တာ ရှေ့လ ဟိုလ ဒီလနဲ့။ အဲဒီမျှော်လင့်ချက်ကြီးနဲ့ ဒီမှာလည်း ဝမ်းသာရမလိုလို၊ ဝမ်းနည်းရတော့မလိုလို၊ ပြင်ဆင် စရာရှိတာ ပြင်ဆင်ရတော့မလိုလိုနဲ့။ စိုးရိမ်မှုကတော့ရှိတယ်(တိုက်ပွဲကြောင့်) အဲဒီကိစ္စ၊ အဲဒီလမ်းကြောင်းတွေ ကြောင့်ပဲလား အဲဒီလိုရွှေ့ဆိုင်းတာကလေ။ အဲဒီလမ်းကြောင်းတွေနဲ့လည်း သက်ဆိုင်နေတာလား။ နောက်ပြီးတော့ ဟိုဘက် ဒီဘက် စာချုပ်ကိစ္စတွေ အဆင်မပြေလို့များလား ဆိုတာတော့ တိတိကျကျကြီးတော့ မသိရဘူး။ ဘယ်လို အဆင်မပြေတာလဲ၊ ဘာတွေများဖြစ်နေလို့လဲဆိုတာတော့ ပွင့်ပွင့်လင်းလင်း သိချင်တာပေါ့လေ” ဟု ၎င်းက ပြောသည်။

မတ်လ ၂၅ ရက်နေ့က အလုပ်သမား ၅၈၀ ဦးအား အလုပ်ရှင်နှင့် အလုပ်သမား သဘောတူစာချုပ်ချုပ်ဆို ခဲ့ကြောင်း၊ မတ်လ ၂၉ ၊ ၃၀၊ ၃၁ ရက်တို့တွင်လည်း အလုပ်သမား ၆၀၀ ဝန်းကျင်ခန့် စာချုပ်ချုပ်ဆိုသွားရန် ရှိသေးကြောင်း သိရသည်။

အဆိုပါ စာချုပ်ချုပ်ဆိုသည့် အမည်စာရင်းများအား ထိုင်းရှိ အလုပ်သမားသံအရာရှိထံပေးပို့ရကာ ထိုမှတဆင့် အလုပ်အကိုင်ဌာန(Department of employment-DOE) သို့ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

DOE မှ တံဆိပ်တုံးထုပြီးမှ ထိုင်းဘက်သို့ မြန်မာအလုပ်သမားများ ဝင်ရောက်နိုင်ရန် နှစ်ဖက်နိုင်ငံမှ လ.ဝ.က တို့မှ လုပ်ဆောင်ရမည်များ ရှိသေးကြောင်း သိရသည်။

ယခင်က မတ်လ ကုန်၊ ဧပြီလမှ စေလွှတ်နိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်ပြီး ယခုကဲ့သို့ မေလမှသာ စေလွှတ် နိုင်မည်ဟု ဖြစ်သွားခြင်းသည် ရွှေ့ဆိုင်းလိုက်ခြင်းမဟုတ်ဘဲ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များရှိနေသးသည့် အတွက်ကြောင့်ဟု ညွှန်ကြားရေးမှူး ဒေါ်အေးမွန်စိုးက ပြောသည်။

“အခုဆိုရင် စာချုပ်ချုပ်တယ်။ စာချုပ်ချုပ်တာကိုက မတ်လ အကုန်ရောက်သွားပြီလေ။ မတ်လအကုန် ရောက် သွားပြီဆိုရင် အခု ဧပြီ ပထမအပတ်ပဲ အလုပ်လုပ်စရာရှိတာလေ။ သင်္ကြန်တွင်းကြီးရောက်သွားပြီ အဲဒါကြောင့်။ စာချုပ်ချုပ်ပြီး ချက်ချင်းလုပ်လို့ရသေးတာမဟုတ်ဘူးလေ။ ခုနကပြောတဲ့ အတိုင်း အဆင့်တွေက သူတို့ ထိုင်းဘက် က လုပ်ရမယ့်အဆင့်တွေကရှိသေးတယ်။ ရွှေ့ဆိုင်းတယ်လို့ပြောလို့မရဘူး သူ့ရဲ့ လုပ်ငန်းစဉ်ပေါ့နော်” ဟု ၎င်းကပြောသည်။

စာချုပ်ချုပ်ဆိုရာတွင် အလုပ်သမား အားလုံးကို စာချုပ်ချုပ်ဆိုခြင်းမဟုတ်ကြောင်း၊ ထိုင်းအလုပ်ရှင်မှ လိုချင်သည့် အလုပ်သမားအရည်အချင်းနှင့် မြန်မာဘက်အေဂျင်စီများရှိ အလုပ်သမားစာရင်းများထဲကမှ ကိုက်ညီသည့် အလုပ် သမားများကိုသာ စာချုပ်ချုပ်ဆိုခြင်းဖြစ်ကြောင်းသိရသည်။
အေဂျင်စီအနေဖြင့် မိမိအလုပ်သမားအား ထိုင်းသို့ စေလွှတ်ရာတွင် စာချုပ်သက်တမ်း နှစ်နှစ်အတွင်း ၎င်း၌ တာဝန်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံသည် အလုပ်သမားလိုအပ်ချက် များပြားနေသည့်အတွက် MOU အပါအဝင် ဘက်ပေါင်းစုံမှ အလုပ် သမား ၈၀၀၀၀၀(ရှစ်သိန်း)ဝန်းကျင်ကို အိမ်နီးချင်းနိုင်ငံများဖြစ်သည့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားတို့မှ ခေါ်ယူရန် လုပ်ဆောင် ၂၀၂၁ ခုနှစ်ကတည်းက လုပ်ဆောင်နေခြင်းဖြစ်သည်။

ထို့အပြင် ထိုင်းနိုင်ငံတွင် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်အတွက် ဧပြီ ၁ ရက်မှ စတင်ကာ ခရီးသွား လာမှုဆိုင်ရာ အစီအမံများအား ပြုပြင်ပြောင်းလဲသွားရန်ရှိပြီး ကိုဗစ်ကာကွယ်ဆေး မထိုးရသေးသည့် နိုင်ငံခြား သား ခရီးသွားများအား ကွာရန်တင်း ၅ ရက်သာ ထားရှိတော့မည်ဖြစ်ကြောင်းလည်း သိရသည်။