CNI News

၂၀၂၃ ခုနှစ်၊ ဇွန် ၂၂

MOU သမားများ၏ ဗီဇာကြေးအား ဘတ် ၁၅၀၀ ခန့်အထိ လျှော့ချနိုင်ရန်အပြင် မိခင်နိုင်ငံသို့ သက်တမ်း ပြန်တိုးသည့် MOU သမားများအတွက် ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက်ရမည့် အချိန်အား လျှော့ချနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း ထိုင်းသတင်း များ၏ ဖော်ပြချက်အရ သိရသည်။

ဗီဇာကြေးသည် ဘတ် ၂၀၀၀ ပေးသွင်းရခြင်းအစား ဘတ် ၅၀၀ သာ ပေးသွင်းနိုင်ရန် (ဘတ် ၁၅၀၀ လျှော့ချပေးနိုင်ရန်)နှင့် သက်တမ်း ၄ နှစ်ပြည့်သူများ မိခင်နိုင်ငံသို့ပြန်၍ သက်တမ်းတိုးပြီး ရက်ပေါင်း ၃၀ နေထိုင်ရန် မလိုဘဲ ထိုင်းသို့ ပြန်လည် ဝင်ရောက်ခွင့်ပြုရန် နှစ်နိုင်ငံတာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဗီဇာကြေး လျှော့ချရန်မှာ ယခင်ကတည်းက ဆွေးနွေးနေကြခြင်း ဖြစ်သည့်အပြင် ယခုအခါ ထပ်မံ ဆွေးနွေးခဲ့ကြခြင်းဖြစ် ကြောင်း၊ အလုပ်သမားများအနေဖြင့် ဗီဇာကြေး သက်သာသော်လည်း အေဂျင်စီများနှင့် အခြားသော ကုန်ကျစရိတ်မှာ လျော့ နည်းမသွားကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒီ amount လောက်ပဲ လျော့သွားတာပါ။ ၅၀၀ ကို လျှော့ပေးလိုက်တယ်ဆိုရင် ၁၀၀၀၊ ၁၅၀၀ သက်သာသွားတဲ့ ဟာ။ ကျန်တဲ့ Process တွေက အတူတူပဲ။ ၁၀၀၀၊ ၁၅၀၀ ပဲ သက်သာတာပေါ့လေ။ ဒါပေမယ့် နည်းတော့လည်း မနည်းပါဘူး ဒီလောက်ကြတော့လည်း။ တကယ့်တကယ်က တစ်ယောက်ချင်း ကြည့်ရင်တော့လည်း ဘာမှမဟုတ်ဘူးဆိုပေမယ့် အများနဲ့ ဆိုရင်တော့လည်း တော်တော်လေးကို လျော့သွားတာပဲ။ အခုထိုင်းနိုင်ငံမှာ တရားဝင် ရွှေ့ပြောင်းအလုပ်သမား မြန်မာချည်းပဲ ၁.၉ သန်း ဝန်းကျင်ရှိတယ်။ ဆိုတော့ အဲဒီလူတွေရဲ့ ဗီဇာခကို ဗီဇာနှုန်းကို တွက်ကြည့်လိုက်ပေါ့။ ကိုဗစ်ကြောင့် ပြဿနာ တက် သွားတာလေ။ ဒီဘက်ကို ကူးလာပြီးကတည်းက MOU အလုပ်သမားတွေကို သူတို့ Camp သွင်းပြီးတော့ ရောဂါ စစ် ဆေးတာတို့ ဘာတို့လုပ်ရတယ် ကွာရန်တင်း ကာလတွေ အဲဒါတွေပါတဲ့ အခါကြတော့ ဘယ်လိုမှ တစ်လနဲ့က မဖြစ်နိုင်ဘူး။ ပြီးတော့ စက်ရုံကိုရောက်ပြီး ၁၅ ရက်အတွင်းမှာ Work Permit တွေဘာညာ လုပ်တဲ့ကိစ္စတွေပေါ့။ လုပ်ငန်းနဲ့ ပတ်သက်တာ တွေကို သင်ကြားမယ်။ ပြီးတဲ့အခါကြမှ အဲဒီကြား ကာလမှာ ပါမစ်တွေကို လုပ်တဲ့ကိစ္စဆိုတော့ အဲဒီမှာ အချိန်က ပေးရတာ ပေါ့။ အခုကြတော့ ဒီဟာတွေ ကဏ္ဍတွေကို အတတ်နိုင်ဆုံး ချုံ့ပြီးတော့ တစ်လ အတောအတွင်း ဖြစ်အောင် လုပ်ပေးမယ်ဆို တာ ဒါ ကိုဗစ်ကာလ မတိုင်ခင်ကလို ပုံမှန်ပြန်ဖြစ်တာပေါ့” ဟု ပြောသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်

ထို့အပြင် အလုပ်ရှင်နှင့် အလုပ်သမား အလုပ်ခန့်ထားရေး နှစ်ဦးသဘောတူ စာချုပ် ချုပ်ဆိုပြီးသော်လည်း အလုပ်သမားများ အား အလုပ်နေရာသို့ ခေါ်ဆောင်နိုင်ခြင်း မရှိသည့် အလုပ်ရှင်များကို ထိရောက်သည့် အရေးယူမှုများ လုပ်ဆောင်ရန်နှင့် အလုပ်ခန့်ထားရေး စာချုပ်များအား သက်တမ်းတိုးခြင်းနှင့် လုပ်ငန်းခွင်များကို MOU စနစ်အတိုင်း ပြုလုပ်ရန် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ကိုဗစ် ကာလပြီးနောက် မြန်မာ MOU လုပ်သားများအား စတင်စေလွှတ်ရာတွင် စာချုပ်ပါအတိုင်း လုပ်ငန်းခွင် မဟုတ်သဖြင့် မြန်မာလုပ်သားများ အခက်အခဲ ဒုက္ခရောက် ခဲ့ရသည့်အတွက် ယခုကဲ့သို့ ထိုအချက်အား နှစ်နိုင်ငံ ဆွေးနွေးခဲ့ခြင်းသည် ကောင်းမွန်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက သုံးသပ်သည်။

ယခုဆွေးနွေးခဲ့သည့် အချက်များအား သက်ဆိုင်ရာများမှ အတည်ပြု ထုတ်ပြန်ခြင်း မရှိသေးကြောင်းနှင့် အမြန်ဆုံး အတည်ပြု ထုတ်ပြန်စေလိုကြောင်းလည်း ၎င်းတို့က ပြောသည်။

လက်ရှိတွင် MOU သက်တမ်း ပြည့်သူများအား နေရပ်သို့ပြန်၍ သက်တမ်းတိုးခြင်း ပြုလုပ်နိုင်ရန်အတွက် ဇူလိုင်လကုန်အထိ ယာယီနေထိုင်ခွင့် ပြုထားခြင်း ဖြစ်သော်လည်း အချို့လုပ်ထုံး လုပ်နည်းများကြောင့် သက်တမ်းပြည့် MOU သမား အများစု သည် နေရပ်ပြန်၍ သက်တမ်းတိုးရန်မှာ အဆင်မပြေကြကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်

Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က “တကယ်တမ်း တွက်ကြည့်မယ် ဆိုရင်တော့ ဗီဇာ ကြေးတွေ ဟိုကြေး ဒီကြေးတွေ လျှော့ချတာကတော့ ကျနော်တို့ အနေနဲ့ လက်ခံပါတယ်။ ဒါပေမယ့် လုပ်နည်းလုပ်ဟန်တွေ မှာ တချို့ဟာတွေက ပြောစရာတွေ ဖြစ်လာတယ်။ ဘာလို့လဲဆိုရင် ဥပမာ နံပါတ်တစ် သူတို့မှာ အထောက်အထား မရှိဘူး။ အထောက်အထားတွေက သေနေတယ်။ သေတဲ့အခါကြတော့ နယ်စပ်ကို ဘယ်လိုသွားမလဲ။ နယ်စပ်ကို သွားတဲ့အခါ ကိုယ် လာတဲ့ အေဂျင်စီကနေ လာမခေါ်ဘူးလား ကိုယ့်ဘာသာ သွားရမှာလား။ အဲဒီသွားတဲ့ အခါမှာလည်း သက်တမ်းက သေနေတဲ့ အခါကြတော့ သံရုံးထောက်ခံချက်ကို အလုပ်သမားတွေ ကိုယ်တိုင်က သွားယူရမလား၊ အေဂျင်စီက ယူရမှာလား။ အဲဒီ တစ်ခု ချင်း တစ်ခုချင်းစီရဲ့ လုပ်ဆောင်ချက်ကို ကြည့်တဲ့အခါကြတော့ ပွဲစားကို ဗဟိုပြုတာ တွေ့ရတယ်။ တချို့ လုပ်ဆောင်ချက် တွေကို ပြန်ကြည့်ဖို့ လိုတယ်။ တတ်နိုင်ရင်တော့ အဲဒီလိုပုံစံမျိုး မဟုတ်ဘဲနဲ့ သံရုံးကနေ တစ်ခါတည်း လုပ်ပေးလိုက်လို့ရတဲ့ ကိစ္စတွေကို။ သံရုံးကနေ တိုက်ရိုက်မလုပ်ဘဲ မြန်မာပြည် ပြန်ခိုင်းတဲ့ ကိစ္စတွေက တချို့ဟာတွေက သွားလို့ ရတယ်ဆိုပေမယ့် တချို့ဟာတွေက ငွေကြေးဆိုင်ရာ အခက်အခဲကြောင့်။ ကျနော့်အထင် သွားမယ့်အုပ်စုတွေက ၁၀၀ မှာ ၅၀ ရာခိုင်နှုန်းလောက် ဖြစ်မယ်မထင်ဘူး”ဟု ပြောသည်။

ထိုင်းနိုင်ငံရှိ MOU သက်တမ်းပြည့် မြန်မာနိုင်ငံသားများသာမက ရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက် ပေးနေသည့် အဖွဲ့အစည်းများ အနေဖြင့် နေရပ်သို့ပြန်၍ သက်တမ်းတိုးခိုင်းခြင်းအစား ထိုင်းနိုင်ငံအတွင်း၌သာ သက်တမ်းတိုး ပြုလုပ်ရန် ထုတ်ပြန်စေလိုနေကြသည်။

ထိုင်းနိုင်ငံအတွင်း၌ လုပ်သား လိုအပ်ချက်များ ရှိနေသည့်အတွက် အလုပ်သမား အရေးကိစ္စနှင့်ပတ်သက်၍ အချိန်နှင့်အမျှ ထုတ်ပြန်ချက်များ၊ ဆွေးနွေးမှုများ ပြုလုပ်နေသောကြောင့် MOU သက်တမ်းပြည့်သူများအပြင် ထိုင်းနိုင်ငံအတွင်းရှိ အထောက်အထားမဲ့ လုပ်သားများနှင့်ပတ်သက်၍လည်း တစ်စုံတစ်ရာ ထူးခြားလာနိုင်ဖွယ်ရှိကြောင်းလည်း ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက သုံးသပ်သည်။