CNI News

၂၀၂၃ ခုနှစ်၊ မေလ ၃၀

မြန်မာနိုင်ငံသားအများဆုံးရှိသည့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ထိုင်းအာဏာပိုင်များမှ ဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်လာကာ ပိုမိုတင်းကြပ်လာကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

အထောက်အထားမဲ့ တရားမဝင်နေထိုင်၊ အလုပ်လုပ်ကိုင်သူများအပါအဝင် အထောက်အထား မပြည့်စုံသူများအား စက်ရုံများနှင့် နေအိမ်များတွင်ပါ ဝင်ရောက်ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လာခြင်းဖြစ်ကာ ပြီးခဲ့သည့်ရက်ပိုင်း၌ အချုပ်ကား ၅ စီးခန့်ဖြင့် လာရောက်ရှာဖွေဖမ်းဆီးသွားကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

“ဘာကြောင့် ဒီလိုဖမ်းနေတာလဲဆိုတော့ မဲဆောက်ထဲမှာ အထောက်အထားမဲ့တွေ ပိုပြီးတော့ များတာရယ်၊ နောက်ပြီးတော့ ခိုးဝင်တဲ့သူတွေလည်း အဲဒီအထဲမှာ ပါတယ်ပေါ့။ လက်မှတ်မပြည့်စုံတဲ့လူတွေအပါအဝင် ခိုးဝင်တဲ့သူတွေလည်း တော်တော်များများ အဖမ်းခံရတယ်။ ကျနော်မြင်တာကတော့လေ နိုင်ငံရေးနဲ့လည်း ဆက်စပ်နေတယ်လို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအရ အလွှာပေါင်းစုံကနေပြီး ဒီ တာ့ခ်ခရိုင်ထဲမှာပဲ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသားတွေရှိတယ်။ ဆိုတော့ ဒီ အထောက်အထားမဲ့တွေကို ဖမ်းရတယ်ဆိုတဲ့သဘောက အထောက်အထားရှိပါလျက်နဲ့ သက်တမ်းတိုးလို့ မပြီးစီးသေးတဲ့သူတွေ အထောက်အထားမပြည့်စုံတဲ့လူတွေကို ဖမ်းရင်းနဲ့မှ မြန်မာတွေကြတော့ တိုက်ခန်းတစ်ခန်းငှားတာတို့ အိမ်တစ်လုံးငှားတာတို့ဆို သူတို့က စုပြီးတော့ နေကြတာပေါ့ မြန်မာအချင်းချင်း။ အဲဒီလိုလူတွေ အစုလိုက် အပြုံလိုက် အဖမ်းခံနေရတယ်။ နောက်တစ်ခုက ထိုင်းမှာ လက်ရှိ ရွေးကောက်ပွဲမှာ အတိုက်အခံပါတီ အနိုင်ရတာဖြစ်တဲ့အတွက် သူတို့ညွန့်ပေါင်းအစိုးရဖွဲ့ပြီးသွားလို့ရှိရင် ကျနော်ထင်ပါတယ်။ အလုပ်သမားအရေးတွေမှာ ပြန်ပြီးတော့ ပြင်ဆင်ပြောင်းလဲတာမျိုးတွေ လုပ်ပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

အဝေးပြေးကားပေါ်ရှိ ခရီးသည်များကို ထိုင်း-လဝက အရာရှိတစ်ဦး စစ်ဆေးနေစဉ်

ထိုသို့အဖမ်းအဆီးခံရသူများအား လက်ဗွေနှိပ်၊ ဓာတ်ပုံရိုက်ပြီး မဲဆောက်ရှိ လ.ဝ.က အချုပ်ခန်းသို့ ပို့ဆောင်ကာ နေရပ်သို့ပြန်ပို့ရန် ထိန်းသိမ်းထားကြောင်းလည်း သိရသည်။

Work Permit များ သက်တမ်းတိုးပြုလုပ်ရန် နောက်ဆုံးရက်အား မေလ ၁၅ ရက်နေ့အထိ သတ်မှတ်ထားပြီး နောက် မေလ ၁၆ ရက်နေ့မှ စတင်ကာ ရှာဖွေဖမ်းဆီးမှု များပြားလာသဖြင့် မြန်မာအများဆုံးနေထိုင်သည့် တာ့ခ်ခရိုင် မဲဆောက်မြို့မှ မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် အထူးသတိထားကြရန် အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက တိုက်တွန်းထားသေးသည်။

ထို့အပြင် မေလ ၂၆ ရက်နေ့ ညပိုင်းက ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ကနေ ဘန်ကောက်မြို့သို့ ခရီးသွားသည့် မြန်မာ တစ်ဦး မဲဆောက်မြို့ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ထိုင်းနိုင်ငံအတွင်း ၁၀၁ ရက်အထိ ဗီဇာရက်လွန် နေထိုင် ကြောင်း စစ်ဆေးတွေ့ရှိသဖြင့် လူဝင်မှုကြီးကြပ်ရေးရဲများမှ ဖမ်းဆီးအမှုဖွင့်ထားခဲ့သည်။

ထိုင်းနိုင်ငံ၏ ဥပဒေအရ အထောက်အထားမရှိသူ၊ မပြည့်စုံသူများအား အချိန်မရွေးဖမ်းဆီးနိုင်သည့်အတွက် လက်ရှိနိုင်ငံရေးအပြောင်းအလဲကာလအတွင်း တာ့ခ်ခရိုင်အပါအဝင် အခြားဒေသများမှ မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် သတိထားသွားလာကြရန် Arakan Worker’s Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။

ဘန်ဂလန်ရဲစခန်းရှေ့တွင် ထိန်းသိမ်းခံထားရသည့် ရွှေ့ပြောင်းအလုပ်သမားများ

“ကျနော်တို့သိသလောက် ဒီ မဲဆောက်မှာဆိုရင် ပတ်စပို့စာအုပ်၊ ဗီဇာတွေအတုတွေနဲ့ ပတ်သက်ပြီးတော့ တော်တော်များများ ထောင်ထဲမှာရှိတာလည်း တွေ့ရတယ်။ တွေ့ရတဲ့အခါကျတော့ ကိုယ်ကိုင်ထားတဲ့စာအုပ်ကို သေချာစိစစ်ဖို့လိုတယ်။ တစ်ခါတစ်လေကျရင် ကိုယ်က ဒီစာရွက်စာတမ်းတွေကို နာမည်ခံပြီးမှ ကိုယ့်နာမည် ခံပြီးတော့ သွားနေတာတွေ တွေ့ရတယ်။ ဟိုတနေ့ကဆိုရင် ကျနော်တို့ဆီမှာ အမှုလာအပ်တဲ့ အလုပ်သမား တစ်ယောက်ဆို ပွဲစားကနေပြီး သူဋ္ဌေးမရှိတဲ့အခါ ပွဲစားကတဆင့် ငှားပြီးလုပ်ရတဲ့အခါကျတော့ သူက ပန်းရောင် ကတ် လျှောက်တယ်။ သူလျှောက်တဲ့ စာရွက်စာတမ်းကို ပေးလာတဲ့အခါကျတော့ သူ့ဓာတ်ပုံ မဟုတ်ဘူး။ တခြားလူတစ်ယောက်ဟာ ဖြစ်နေတယ်။ ပိုက်ဆံပြန်တောင်းရင်လည်း မပေးဘူး။ အလုပ်သမားတွေ မေးကြည့် ရင်လည်း အထောက်အထား မရှိဘူး။ နောက်တစ်ခုက ပွဲစားဘယ်ကဆိုတာလည်း သူတို့မသိဘူး။ အဓိကကတော့ ကိုယ်ကိုင်ထားတဲ့ စာရွက်စာတမ်းတွေကို သေချာစစ်ဆေးဖို့လိုတယ်။ ကိုယ်နားမလည်ရင် နားလည်တဲ့ ပုဂ္ဂိုလ်တွေ ကို ပြလို့ရတယ်။ ဥပမာ ဒီဗီဇာက သွားလို့ရပြီလား။ ဒီ work permit က သွားလို့ရလား။ တချို့ ဒီစာရွက်စာတမ်း တွေ ပြည့်စုံတယ်ဆိုရင်ရော ခရီးထွက်လို့ရလား၊ မရဘူးလား ဆိုတာကိုလည်း စနစ်တကျ စိစစ်ဖို့လိုတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် လာမည့် အစိုးရသစ်လက်ထက်တွင် ဘတ်ပန်းရောင်ကတ်များအား ထပ်မံထုတ်ပေးရန်ကို မျှော်လင့်နေကြကြောင်း သိရသည်။