CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၄
မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားမှ မဲဆောက်မြို့သို့ သွားရောက်မည့်သူများ ကိုဗစ်ကာကွယ် ဆေးထိုးထားသည့် လက်မှတ်မလိုဘဲ မှတ်ပုံတင်တစ်ခုတည်းပါရှိရုံဖြင့် သွားလာဖြတ်သန်းခွင့်ပြုပြီဖြစ်ကြောင်း မြဝတီမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ယခင်က မဲဆောက်မြို့သို့ Border Pass (ယာယီနယ်စပ်ဖြတ်သန်းခွင့်) လက်မှတ်စာအုပ်ဖြင့် သွားရောက်ရာတွင် မှတ်ပုံတင်အပြင် ကိုဗစ်ကာကွယ်ဆေး သုံးကြိမ်ထိုးထားသည့် လက်မှတ်ပါရှိမှသာ သွားရောက်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခု ဇူလိုင် ၁ ရက်နေ့မှ စတင်ကာ မှတ်ပုံတင်တစ်ခုတည်း ပြသရုံဖြင့် ဖြတ်သန်းခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း မြဝတီမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“ကိုဗစ်ဆေးထိုးလက်မှတ်တွေ၊ ကျန်းမာရေးကနေ စစ်တာတွေ မရှိတော့ဘူးပေါ့။ နိုင်ငံသားကဒ်ပါတာနဲ့ သွားလို့ ရတယ်။ အထောက်အထားဟိုဟာ မဖြစ်တော့ဘူး။ ဟိုဘက်နိုင်ငံလည်း အဲဒါတွေမစစ်တော့ဘူး။ ဒီဘက်ကလည်း ဖြေလျှော့။ MOU သွားတဲ့ အလုပ်အကိုင်သွားတဲ့လူကြတော့ စစ်တယ်။ ဒါကတော့ အလည်အပတ်သွားတဲ့ အဖွဲ့ တွေမို့လို့။ အလည်အပတ်ကတော့ ရှိတယ်။ စဖွင့်ဖွင့်ကနေ အခုအချိန်ထိပေါ့ ၁၀၀၀ နဲ့ ၅၀၀ ကြားထဲမှာတော့ ရှိတယ်။ လွယ်တော့လွယ်သွားတာပေါ့နော်။ တချို့ကြတော့ ဟိုဘက်ကလာတယ်ဆို ကိုဗစ်ဆေးထိုး လက်မှတ် မပါတော့ အခက်အခဲဖြစ်တာပေါ့” ဟု ၎င်းက ပြောသည်။
ကိုဗစ်မတိုင်ခင်ကာလများကတည်းက မြန်မာနိုင်ငံသားအများအပြားသည် မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားမှတဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ Border Pass များဖြင့် သွားရောက်ကာ အလုပ်လုပ် ကိုင်ခဲ့ကြခြင်းဖြစ်သည်။
တံတားဝင်ပေါက်ရှိ လူဝင်မှုကြီးကြပ်ရေးဂိတ်တွင် စောင့်ဆိုင်းနေစဉ်
ထို့ကြောင့် ယခုကဲ့သို့ မှတ်ပုံတင်ပြသရုံဖြင့် ဖြတ်သန်းခွင့်ပြုခြင်းသည် ကောင်းမွန်သော်လည်း ကိုဗစ် ရောဂါသည် တစ်ကမ္ဘာလုံးအတိုင်းအတာအရ အရှင်းပျောက်ကွယ်သွားခြင်းမျိုးမဟုတ်သည့်အတွက် ရောဂါအားကာကွယ်သည့် အနေဖြင့် တစ်နိုင်ငံမှ တစ်နိုင်ငံသို့ သွားလာရာတွင် အကန့်အသတ်များ ထားရှိရန် လိုအပ်ကြောင်းလည်း ထောက်ပြပြောဆိုမှုများရှိသည်။
သို့သော် ယခုကဲ့သို့ ခွင့်ပြုလိုက်ခြင်းသည် ထိုင်းနိုင်ငံအနေဖြင့် ၎င်းတို့နိုင်ငံအား ခရီးသွားပိုမို ဝင်ရောက်လာ စေရန်နှင့် ခရီးသွားများဝင်ရောက်ခြင်းမှ ၎င်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား လိုချင်သောကြောင့် ဖြေလျှော့ခွင့်ပြုလိုက်ခြင်းဖြစ်သည်ဟု သုံးသပ်မိကြောင်း Labour Right Foundation (LRF) မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
“အဲဒီခွင့်ပြုချက်က ဝင်ရောက်နေသူတွေကို ထပ်မံပြီးမှ တွန်းအားပေးလိုက်သလို ဖြစ်သွားတာပေါ့။ ပြည်တွင်းမှာ အားလုံးသိကြတဲ့အတိုင်းပဲ စီးပွားရေးရော အလုပ်အကိုင်ရော အန္တရာယ်တွေရော များနေတဲ့အတွက်ကြောင့် ပြည်တွင်းမှာရှိတဲ့ အရွယ်ရှိတဲ့လူငယ်တွေအားလုံးက အများစုက ပြည်ပနိုင်ငံတစ်ခုခုကို သွားချင်နေတာဆိုတော့ ပိုမိုပြီးမှ တွန်းအားပေးလိုက်သလို ဖြစ်သွားနိုင်ပါတယ်။ ဟိုးအရင်ကတည်းက ဆယ်စုနှစ်ပေါင်းများစွာကတည်းက နယ်စပ်ကနေပြီးမှ Border Pass တွေနဲ့ ဝင်ရောက်ပြီးမှ တစ်ရက် မနက်သွား ညနေပြန် အဲဒီလို Border Pass တွေရှိသလို အဲဒီနောက်ပိုင်းမှ တိုးမြင့်ပြီးမှ ရက်ရှည်တွေလည်း ရှိလာတယ်။ အဓိကကတော့ ဟိုဘက်နဲ့ ဒီဘက်မှ ဝင်ငွေက တအားကွာတာကို။ ကျနော်တို့ဆီမှာ ၄၈၀၀ ကျပ်လို့ သတ်မှတ်ထားပေမယ့် ၄၈၀၀ နဲ့ အလုပ်တိုင်းကို ရနိုင်တာမဟုတ်ဘူး။ နောက်ဒီမှာက ဝင်လာပြီးလုပ်မယ်ဆိုရင် နယ်စပ်ဆိုတော့ ကျနော်တို့ ဘန်ကောက်လောက် တော့ လုပ်အားခမများဘူးပေါ့။ သို့သော် ၂၀၀ လောက်ရတယ်ဆို မြန်မာငွေနဲ့ဆို နည်းတာမဟုတ်ဘူးဆိုတဲ့ အတွေးမျိုးနဲ့ လာလုပ်ကြတာပါ” ဟု ၎င်းက ပြောသည်။
ယခင်က မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားမှ ထိုင်းသို့ သွားရောက်သည့် မြန်မာများအနေဖြင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးကြောင်း လက်မှတ်များယူဆောင်လာကြသော်လည်း QR code မပါရှိသည့် စာရွက် များဖြစ်ပါက ထိုင်းဘက်မှ နိုင်ငံထဲသို့ ပေးမဝင်ခဲ့ပေ။
မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားအား ကိုဗစ်ကြောင့် ၂၀၂၀ ခုနှစ် မတ်လမှ စတင်ကာ ပိတ်ထား ခြင်းဖြစ်ပြီး ၃ နှစ်နီးပါးအကြာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။