CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၉
မေဂျာလိဂ်ကလပ် LAFC အသင်းမှာ ကစားနေတဲ့ ဆွန်ဟောင်မင်က စပါးအသင်း ပရိသတ်တွေကို ကောင်းမွန်စွာ နှုတ်ဆက်ဖို့ တစ်နေ့မှာ လန်ဒန်ကို ပြန်လာချင်တယ်လို့ ပြောခဲ့ပါတယ်။
ဆွန်ဟောင်မင်က “ကျနော် လန်ဒန်ကို ပြန်သွားပြီး စပါးအသင်း ပရိသတ်တွေနဲ့ တွေ့ဆုံချင်ပါတယ်။ စပါးအသင်း ကောင်းမွန်စွာ လုပ်ဆောင်နေတာကို ကျနော်ဝမ်းသာပါတယ်။ ပရိသတ်တွေကို နှုတ်ဆက်ဖို့ ကျနော်လန်ဒန်ကို ပြန်သွားမှာပါ။ သူတို့ရဲ့အရှေ့မှာ လူကိုယ်တိုင် နှုတ်ဆက်တာက မှန်ကန်တဲ့အရာလို့ ကျနော်ထင်ပါတယ်။ ဒါက စိတ်လှုပ်ရှားဖို့ကောင်းတဲ့ နေ့ဖြစ်လာမှာဖြစ်ပြီး မစောင့်ဆိုင်းနိုင်တော့ဘူး”လို့ ပြောခဲ့တာပါ။
စပါးအသင်းမှာ ၂၀၁၅ ခုနှစ်ကတည်းက စတင်ကစားခဲ့တဲ့ ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ လန်ဒန်ကလပ် ကစားသမားဘဝကို အဆုံးသတ်ပြီး မေဂျာလိဂ်ကလပ် LAFC အသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဆွန်ဟောင်မင်ကို တွေ့ရစဉ်
ဆွန်ဟောင်မင်ဟာ သူ့ရဲ့စပါးအသင်း ကစားသမားဘဝ နောက်ဆုံးပွဲကို နယူးကာဆယ်အသင်းနဲ့ တောင်ကိုရီးယား မှာ ကစားခဲ့တာဖြစ်လို့ စပါးအသင်း အိမ်ကွင်းမှာ အသင်းပရိသတ်တွေကို မနှုတ်ဆက်နိုင်ခဲ့တာပါ။
အဲ့ဒါကြောင့် ဆွန်ဟောင်မင်ဟာ စပါးအသင်း ပရိသတ်တွေကို လူကိုယ်တိုင် နှုတ်ဆက်ဖို့ တစ်ချိန်ချိန်ကျရင် လန်ဒန်ထံ ပြန်လာချင်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ဆွန်ဟောင်မင်ဟာ စပါးအသင်းအတွက် ၄၅၄ ပွဲ ကစားခဲ့ပြီး ၁၇၃ ဂိုးသွင်းယူကာ ယူရိုပါလိဂ်ဖလား ရယူနိုင်ခဲ့တာ ပါ။
တောင်ကိုရီးယား အသင်းခေါင်းဆောင်ဟာ လက်ရှိကစားနေတဲ့ LAFC အသင်းမှာ လျင်မြန်စွာ အသားကျခဲ့ပြီး ၁၀ ပွဲ ပါဝင်ကစားထားတာမှာ ၉ ဂိုး သွင်းယူထားပါတယ်။
ဆွန်ဟောင်မင်ရဲ့ ဒါလက်စ်အသင်းနဲ့ ပွဲမှာ သွင်းယူခဲ့တဲ့ ဖရီးကစ် သွင်းဂိုးကို ၂၀၂၅ မေဂျာလိဂ်ပြိုင်ပွဲရဲ့ အကောင်း ဆုံး သွင်းဂိုးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။
Source: besoccer
