CNI Sport News

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၁ 

စပါးအသင်းဟာ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကို လူမျိုးရေးခွဲခြားတဲ့ မှတ်ချက်ပေးခဲ့တာကြောင့် FA ရဲ့ ၇ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ကွင်းလယ်လူ ဘန်တန်ကာရဲ့ ပွဲပယ်ကို အယူခံဝင်ခဲ့ပါတယ်။ 

ဘန်တန်ကာဟာ ပြီးခဲ့တဲ့ ဇွန်လက ဥရုဂွေး TV နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆွန်ဟောင်မင်ကို လူမျိုးရေး ခွဲခြားခဲ့တဲ့ မှတ်ချက်ကြောင့် FA က သူ့ကို ၇ ပွဲပယ်နဲ့ ဒဏ်ကြေး ပေါင် ၁၀၀,၀၀၀ ချမှတ်ခဲ့တာပါ။

ဘန်တန်ကာဟာ လူမျိုးရေးခွဲခြားတဲ့မှတ်ချက်ပေးခဲ့အပြီးမှာ ချက်ချင်းပြန်တောင်းပန်ခဲ့ပြီး ဆွန်ဟောင်မင် ကလည်း သူ့ရဲ့တောင်းပန်မှုကို လက်ခံခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့် ဘန်တန်ကာဟာ FA ရဲ့ အရေးယူမှုခံခဲ့ရတာဖြစ်ပြီး စပါးအသင်းကတော့ သူတို့ရဲ့ ကွင်းလယ်လူအပေါ် ပွဲပယ်တဲ့အရေအတွက်ဟာ ပြင်းထန်လွန်းတယ်လို ယုံကြည်နေတာပါ။ 

စပါးအသင်းဟာ ဘန်တန်ကာကို ချမှတ်ခဲ့တဲ့ FA ရဲ့  ပွဲပယ်ပြစ်ဒဏ်ကို အယူခံဝင်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး လွတ်လပ်တဲ့ စည်းမျဉ်းကော်မရှင်က ကွင်းလယ်လူအပြစ်ရှိကြောင်းတွေ့တာကို လက်ခံခဲ့ပေမယ့် ပွဲပယ်ပြစ်ဒဏ်က ပြင်းထန်လွန်းတယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ 

ဘောလုံးကစားနေသည့် ဘန်တန်ကာကိုတွေ့ရစဉ်

ဘန်တန်ကာဟာ သူ့ရဲ့ပွဲပယ်ပြစ်ဒဏ်ကို စပါးအသင်းက အယူခံဝင်ထားပေမယ့် ပြည်တွင်းပြိုင်ပွဲတွေမှာ ပွဲပယ်ပြစ်ဒဏ်ကို ဆက်ပြီးကျခံနေရမှာပါ။ 

ဘန်တန်ကာဟာ ပွဲပယ်ကြောင့် မန်စီးတီး၊ ချယ်လ်ဆီး၊ လီဗာပူးလ်အသင်းတို့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေအပြင် ယူနိုက်တက်အသင်းနဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ စပါးအသင်းအတွက် ပါဝင်နိုင်မှာမဟုတ်ပါဘူး။ 

ဒါပေမယ့် ဥရုဂွေးကွင်းလယ်လူဟာ စပါးအသင်းရဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေဖြစ်တဲ့ ရိုးမား၊ ရိန်းဂျားစ်အသင်းတို့နဲ့ ပွဲတွေမှာ ပါဝင်လိုရမှာပါ။ 

စပါးအသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ 

စပါးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ ပွဲ ကစားအပြီးမှာ ရမှတ် ၁၆ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၁၀ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

Source:espn