CNI Sport News

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၉

စပါးအသင်းကွင်းလယ်လူ ဘန်တန်ကာဟာ အသင်းဖော် ဆွန်ဟောင်မင်ကို TV အင်တာဗျူး တစ်ခုမှာ လူမျိုးရေး ခွဲခြားခဲ့တဲ့ မှတ်ချက်ကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ရဲ့ ပြည်တွင်းပွဲစဉ် ၇ ပွဲပယ် ပြစ်ဒဏ်ချမှတ် ခံခဲ့ရပါတယ်။ 

ဘန်တန်ကာဟာ ပြီးခဲ့တဲ့ ဇွန်လက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆွန်ဟောင်မင်ကို လူမျိုးရေး ခွဲခြားခဲ့တယ်ဆိုပြီး FA က စက်တင်ဘာ ၁၂ ရက်မှာ စွဲချက်တင်ခဲ့တာပါ။

ဒီအင်တာဗျူးမှာ အစီအစဉ် တင်ဆက်သူက စပါးအသင်း ကစားသမားတစ်ဦးရဲ့ အင်္ကျီကို တောင်းခဲ့ချိန်မှာ ဘန်တန်ကာက “ဆွန်နီလား၊ သူ့ရဲ့ညီအစ်ကို ဝမ်းကွဲတွေလည်း ဖြစ်နိုင်ပါတယ်။ သူတို့တွေဟာ ရုပ်အတူတူပဲ”လို့ ပြောခဲ့တာဖြစ်ပါတယ်။ 

နောက်ပိုင်းမှာ ဘန်တန်ကာဟာ သူ့ရဲ့ဆိုရှယ်မီဒီယာကနေ ပြန်တောင်းပန်ခဲ့ပြီး ဒီမှတ်ချက်ဟာ အလွန်ဆိုးရွားတဲ့ ဟာသဖြစ်တယ်လို့ ပြောခဲ့တာပါ။ 

ဒါပေမယ့် ဥရုဂွေးကွင်းလယ်လူဟာ FA ရဲ့ အရေးယူမှုကို ခံခဲ့ရပြီး ပြည်တွင်းပွဲစဉ် ၇ ပါဝင်ကစားလို့ရမှာ မဟုတ် ပေမယ့် ယူရိုပါလိဂ်ပွဲစဉ်တွေမှာ စပါးအသင်းအတွက် ပါဝင်ကစားလို့ရမှာ ဖြစ်ပါတယ်။

ဆွန်ဟောင်မင်နဲ့ ဘန်တန်ကာကိုတွေ့ရစဉ်

ဘန်တန်ကာဟာ ပွဲပယ်အပြင် ဒဏ်ကြေးငွေ ပေါင် ၁၀၀,၀၀၀ နဲ့ မဖြစ်မနေ မျက်နှာချင်းဆိုင်ပညာရေး အစီအစဉ် မှာ ပါဝင်ရမယ်လို့ FA ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားတာပါ။ 

ဘန်တန်ကာက သူ့အပေါ် FA က ပြစ်ဒဏ် ချမှတ်မှုအပေါ် အေးဂျင့်က အကြောင်းကြားခဲ့ပြီး ဒီပြစ်ဒဏ်ဟာ ပြင်းထန်တယ်လို့ ပြောခဲ့ပါတယ်။ 

ဘန်တန်ကာဟာ ဒီရာသီမှာ စပါးအသင်းရဲ့ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြသနေတာဖြစ်ပြီး ပြိုင်ပွဲစုံ ၁၅ ပွဲ ပါဝင်ကစားထားတာမှာ ၁ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးထားတာပါ။ 

ဘန်တန်ကာဟာ ပွဲပယ်ကြောင့် မန်စီးတီး၊ လီဗာပူးလ်၊ ချယ်လ်ဆီးအသင်းတို့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေ၊ ယူနိုက်တက်အသင်းနဲ့ လိဂ်ဖလားကွာတား ဖိုင်နယ်ပွဲစဉ်ကို လွဲချော်မှာဖြစ်ပါတယ်။ 

စပါးအသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ် ၁၁ ပွဲကစားအပြီးမှာ ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပြီး ဒီအပတ်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: dailymail