CNI Sport News

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၉

ဆန်မာရီနိုအသင်းဟာ နေးရှင်းလိဂ်အုပ်စု D ပွဲစဉ်အဖြစ်ကစားခဲ့တဲ့ လက်ချင်စတိန်းအသင်းနဲ့ပွဲစဉ်မှာ ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး သမိုင်းတစ်လျှောက် ပထမဆုံးအဝေးကွင်းနိုင်ပွဲနဲ့အတူ နေးရှင်းလိဂ် C ကိုတန်းတက်နိုင်ခဲ့ပါတယ်။ 

ဆန်မာရီနိုအသင်းဟာ ဖီဖာရဲ့ကမ္ဘာ့အဆင့်သတ်မှတ်ချက် အနိမ့်ဆုံးဖြစ်တဲ့ ၂၁၀ နေရာမှာ ရပ်တည်နေတာပါ။ 

လက်ချင်စတိန်းအသင်းကို ၃ ဂိုးသွင်းယူနိုင်ခဲ့တာဟာ ဆန်မာရီနိုအသင်းအတွက် သူတို့ရဲ့ သမိုင်းမှာ ပထမဆုံး အကြိမ် ပြိုင်ဘက်အသင်းကို ၃ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဆန်မာရီနိုအသင်းဟာ သူတို့ရဲ့ သမိုင်းမှာ ၃ ပွဲ သာ အနိုင်ရခဲ့ပြီး ဒီ ၃ ပွဲစလုံးကို လက်ချင်စတိန်းအသင်းတစ်သင်းတည်းကိုသာ အနိုင်ရရှိခဲ့တာပါ။ 

ဆန်မာရီနိုအသင်းဟာ နေးရှင်းလိဂ်အုပ်စု D ပွဲစဉ် ၄ ပွဲကစားအပြီးမှာ ရမှတ် ၇ မှတ်နဲ့ နေးရှင်းလိဂ် C ကို တိုက်ရိုက်တန်းတက်နိုင်ခဲ့တာဖြစ်ပါတယ်။ 

လက်ချင်စတိန်းအသင်းနဲ့ပွဲစဉ်ရဲ့ ပွဲသိမ်းခရာမှုတ်ချိန်မှာ ဆန်မာရီနို အသင်းကစားသမားတွေဟာ ကွင်းအတွင်းအောင်ပွဲခံခဲ့ကြပြီး သူတို့ကို အဝေးကွင်းအထိ လိုက်ပါအားပေးခဲ့တဲ့ ပရိသတ်တွေကလည်း ဂုဏ်ပြုမှုတွေပြုလုပ်ခဲ့ကြတာပါ။ 

ဆန်မာရီနိုဘောလုံးအဖွဲ့ချုပ်အကြီးအကဲ မာကိုတူရာက ကစားသမားတွေဟာ သမိုင်းဝင်မှတ်တမ်းကို ဖန်တီးခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်။ 

ဆန်မာရီနိုအသင်းဟာ သူတို့ရဲ့သမိုင်းမှာ ပွဲပေါင်း ၂၁၁ ပွဲကစားထားပြီး ၃ ပွဲအနိုင်ရကာ၊၁၀ ပွဲသရေ နဲ့ ၁၉၈ ပွဲအထိ အရေးနိမ့်ထားခဲ့တာပါ။ 

ဆန်မာရီနိုအသင်းဟာ နည်းပြသစ် ဆီဗိုလီလက်ထက်မှာ ရလဒ်ကောင်းတွေရယူနိုင်ခဲ့ပြီး နောက်ဆုံး ၁၀ ပွဲမှာ ၂ ပွဲနိုင်၊၁ ပွဲသရေ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ 

ကမ္ဘာ့အဆင့် ၂၀၀ မှာရပ်တည်နေတဲ့ လက်ချင် စတိန်းအသင်းဟာ ၂၀၂၄ ခုနှစ်ထဲမှာ ဟောင်ကောင်အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲတစ်ပွဲသာ နိုင်ပွဲရရှိခဲ့တာ ဖြစ်ပါတယ်။

Source:BBC