CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၈
နယ်သာလန်အသင်း တိုက်စစ်မှူးဟောင်း ဗန်ပါစီက အာဆင်နယ်အသင်းထံ ပြန်လာဖို့က တံခါးပိတ်သွားပြီလို့ ယုံကြည်နေပြီး ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့အပေါ် ပရိသတ်တွေက အမြင်မကြည်ကြသေးဘူးလို့ ပြောခဲ့ပါတယ်။
ဗန်ပါစီက “ကျနော် အာဆင်နယ်အသင်းထံ ပြန်လာပြီး အလုပ်လုပ်ဖို့ မမျှော်လင့်ပါဘူး။ တံခါးပိတ်သွားပြီလို့ ထင်ပါတယ်။ ဒါက ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့တာကြောင့် ဖြစ်မယ်ဆိုတာ ကျနော့်ရဲ့ အကဲဖြတ်ချက်ပါ။ ဘောလုံးမှာ ဘယ်အရာကိုမှ မသိနိုင်ပေမယ့် ဒါက ကျနော့်ရဲ့ အကဲဖြတ်ချက်ပါပဲ။ ဒီအပြောင်းအရွှေ့က အာဆင်နယ် ပရိသတ်တွေအတွက် အခုထိ အမြင်မကြည်နိုင်အောင် ဖြစ်နေတုန်းပါပဲ”လို့ အနာဂတ်မှာ အာဆင်နယ်အသင်းထံ ပြန်လာဖွယ်ရှိလားဆိုတဲ့ မေးခွန်းကို ဖြေခဲ့တာပါ။
၂၀၁၉ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူခဲ့တဲ့ ဗန်ပါစီဟာ လက်ရှိအချိန်မှာ ဒတ်ချ်လိဂ်က ဟီရန်ဗင်း အသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူနေတာ ဖြစ်ပါတယ်။
ဗန်ပါစီဟာ အာဆင်နယ်အသင်းမှာ ၂၀၀၄ ကနေ ၂၀၁၂ ခုနှစ်အထိ ကစားခဲ့ပြီး နွေရာသီမှာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။
ဗန်ပါစီကို တွေ့ရစဉ်
အာဆင်နယ်အသင်း ပရိသတ်တွေက ဗန်ပါစီဟာ သူတို့ကို သစ္စာဖောက်ပြီး ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ ခဲ့တယ်လို့ စွပ်စွဲကာ အခုထိ အမြင်မကြည်နိုင်ကြသေးတာ ဖြစ်ပါတယ်။
ဗန်ပါစီဟာ အာဆင်နယ်အသင်းအတွက် ကစားခဲ့ချိန်က ပွဲပေါင်း ၂၇၈ ပွဲ ကစားခဲ့တာမှာ ၁၃၂ ဂိုးသွင်းပြီး ၅၆ ဂိုး ဖန်တီးကာ FA ဖလားနဲ့ ကွန်မြူနတီဒိုင်း ၁ ကြိမ်စီ ရယူနိုင်ခဲ့တာပါ။
ဗန်ပါစီဟာ ယူနိုက်တက်အသင်းမှာ ၂၀၁၂ ကနေ ၂၀၁၅ ခုနှစ်အထိ ၁၀၅ ပွဲကစားခဲ့ပြီး ၅၈ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်နဲ့ ကွန်မြူနတီဒိုင်း ၁ ကြိမ်စီ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဗန်ပါစီဟာ အခုအချိန်မှာ သူ့ရဲ့ပထမဆုံးနည်းပြ အလုပ်အကိုင်အဖြစ် ဟီရန်ဗင်းအသင်းကို ကိုင်တွယ်နေပြီး ၁၃ ပွဲ ကိုင်တွယ်ထားတာမှာ နိုင်ပွဲ ၅ ပွဲသာ ရယူထားပေးနိုင်တာပါ။
ဟီရန်ဗင်းအသင်းဟာ ဒီရာသီ ဒတ်ချ်လိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၁၂ နေရာ ရပ်တည်နေပြီး တန်းဆင်းဇုန်ထဲက ရော့တာဒမ်အသင်းနဲ့ ၃ မှတ်သာကွာဟတာဖြစ်ပါတယ်။
Source: Metro