CNI Sport News

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၈

အင်တာမီလန်အသင်းဟာ လီဗာပူးလ်အသင်း တောင်ပံကစားသမား ချီယေဆာကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ အငှားနဲ့ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ 

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ဂျူဗင်တပ်စ်အသင်းကနေ ပေါင် ၁၀ သန်းကျော်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ချီယေဆာဟာ လီဗာပူးလ်အသင်းမှာ မေ့ပျောက်နေတဲ့ ကစားသမားတစ်ဦးလို ဖြစ်နေခဲ့တာပါ။ 

အသက် ၂၇ နှစ်အရွယ်ရှိ ချီယေဆာဟာ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ် ၁ ပွဲ အပါအဝင် ပြိုင်ပွဲစုံ ၃ ပွဲသာ ပါဝင်ကစားထားတာ ဖြစ်ပါတယ်။ 

ချီယေဆာဟာ ပြီးခဲ့တဲ့ပွဲတွေမှာ လီဗာပူးလ်အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရတာပါ။ 

အီတလီကစားသမားဟာ လီဗာပူးလ်အသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတာကြောင့် အငှားနဲ့ ပြန်လည် ထွက်ခွာနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ 

ဒီအချိန်မှာ အင်တာမီလန်အသင်းဟာ ချီယေဆာကို ဇန်နဝါရီမှာ ၆ လ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ တွန်းအားပေး နေတယ်လို့ Tuttosport က ဖော်ပြခဲ့ပါတယ်။

ချီယေဆာကို တွေ့ရစဉ်

လီဗာပူးလ်အသင်းဟာ တိုက်စစ်ပိုင်းမှာ ဆာလက်၊ ဒီယက်ဇ်၊ ဒါဝင်နူနက်ဇ်၊ ဂျိုတာနဲ့ ဂတ်ပိုတို့ ရှိနေပေမယ့် ချီယေဆာကို ထပ်ခေါ်ပြီး အားဖြည့်ခဲ့တာပါ။ 

ဒါပေမယ့် ချီယေဆာဟာ ကြံ့ခိုင်မှုပိုင်းကြောင့် လီဗာပူးလ်အသင်းအတွက် ၇၈ မိနစ်သာ ပါဝင်ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။ 

ချီယေဆာဟာ ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်တွေကို လွဲချော်ခဲ့သလို လီဗာပူးလ် အသင်းဖော်တွေနဲ့ အသားကျ  အောင် လုပ်ဆောင်နေတဲ့အတွက် အသင်းရဲ့ပွဲစဉ်တွေကို လွဲချော်ခဲ့တယ်လို့ နည်းပြ အာနီဆလော့က ပြောထား တာပါ။ 

ချီယေဆာဟာ ဖီအိုရင်တီးနားအသင်းကနေ ဂျူဗင်တပ်စ်အသင်းထံ ပြောင်းရွှေ့ခဲ့ချိန်က အီတလီဘောလုံးလောက ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ဒါပေမယ့် ချီယေဆာဟာ ဒဏ်ရာတွေကြောင့် ရုန်းကန်ခဲ့ရပြီး နည်းပြ သီယာဂိုမော့တာ ရောက်ရှိလာချိန်မှာ ဂျူဗင်တပ်စ် အသင်းကနေ ထွက်ခွာခဲ့ရတာပါ။

ယူရို ၂၀၂၀ ချန်ပီယံ အီတလီ အသင်းသားထဲမှာ ပါဝင်ခဲ့တဲ့ ချီယေဆာဟာ နိုင်ငံအသင်းအတွက် ၅၁ ပွဲ ကစားထားပြီး ၇ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

Source: dailymail