CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၀

ယူနိုက်တက်အသင်းဟာ အာဆင်နယ်အသင်းကထွက်ခွာဖွယ်ရှိနေတဲ့ လူငယ်ကြယ်ပွင့် အိုဘီမာတင်ကို ခေါ်ယူဖို့ ဆွေးနွေးမှုပြုလုပ်နေပါတယ်။

အိုဘီမာတင်ဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်ယူ-၁၆ အသင်းကို ၁၄ ဂိုး-၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အာဆင်နယ်အသင်းအတွက် ၁၀ ဂိုးသွင်းယူနိုင်ခဲ့သူပါ။ 

အသက် ၁၆ နှစ်အရွယ်ရှိ ကစားသမားဟာ အာဆင်နယ် ယူ-၁၈ အသင်းအတွက် လိဂ်ပွဲစဉ် ၂၀ သာ ကစားခဲ့ပေမယ့် ၃၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

အင်္ဂလန်နဲ့ ဒိန်းမတ်နိုင်ငံတို့ကို ကိုယ်စားပြုခွင့်ရှိနေတဲ့ အိုဘီမာတင်ဟာ ဒိန်းမတ် ယူ-၁၇ အသင်းအတွက် ၁၄ ပွဲကစားပြီး ၁၀ ဂိုးသွင်းယူကာ ဥရောပ ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲရဲ့အကောင်းဆုံးအသင်းမှာ ပါဝင်ခဲ့တာပါ။

အိုဘီမာတင်ရဲ့ ဂိုးသွင်းစွမ်းရည်တွေကြောင့် ဘိုင်ယန်မြူးနစ်အသင်းက သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေသလို အာဆင်နယ်အသင်းကလည်း သူ့ကိုဆက်ပြီး ထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ 

The Athletic က အိုဘီမာတင်ဟာ နွေရာသီမှာ အာဆင်နယ်အသင်းက ထွက်ခွာဖို့ဆုံးဖြတ်ထားတယ်လို့ ဖော်ပြထားတာပါ။ 

အိုဘီမာတင်ကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ ယူနိုက်တက်အသင်းလည်း ပါဝင်လာခဲ့တာဖြစ်ပါတယ်။ 

အိုဘီမာတင်ဟာ အခုအပတ် အစောပိုင်းက ကာရင်တန်ကို လာရောက်လည်ပတ်ခဲ့ပြီး ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့အတွက်ဆွေးနွေးမှုတွေရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ ပူးတွဲပိုင်ရှင်ဆာဂျင်ရက်ကလစ်ဖ်လက်ထက် ပထမဆုံးအပြောင်းအရွှေ့ဖြစ်တဲ့ ဒီနွေရာသီမှာ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေကို ဆက်တိုက်ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဇာခ့်ဇီနဲ့ ယိုရိုတို့ကို ပြောင်းရွှေ့ကြေးပေါင် ၈၈.၅ သန်းအသုံးပြုပြီးခေါ်ယူထားတာပါ။

ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီအသင်းကွင်းလယ်လူ အူဂါတေးနဲ့ ဇာဗီဆိုင်မွန်တို့ကို ခေါ်ယူနိုင်ဖို့အတွက်လည်း ကြိုးပမ်းနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ 

Source: metro