CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၀

ဘာလော့တယ်လီဟာ ဘရာဇီးလ်ကလပ် ကိုရင်သီယန်အသင်းထံ ၂ နှစ်စာချုပ်နဲ့ပြောင်းရွှေ့ဖို့ နှုတ်နဲ့ သဘောတူညီမှု ရရှိခဲ့ပေမယ့် အပြောင်းအရွှေ့ပျက်ပြယ်သွားခဲ့တယ်လို့ သိရပါတယ်။

ကိုရင်သီယန်အသင်းနဲ့ ဘာလော့တယ်လီတို့ဟာ စာချုပ်ချုပ်ဆိုဖို့ နောက်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပေမယ့် ဘရာဇီးလ်ကလပ်က မခေါ်ယူဖို့ဆုံးဖြတ်ခဲ့တယ်လို့ အားကစားဂျာနယ်လစ်နဲ့ အပြောင်းအရွှေ့ ကျွမ်းကျင်သူ ရူဒီဂါလက်တီက ဖော်ပြခဲ့တာပါ။ 

ကိုရင်သီယန်အသင်းဟာ ဘာလော့တယ်လီရဲ့အပြောင်းအရွှေ့အတွက် အသင်းအတွင်းပိုင်းမှာ သဘောထား ကွဲလွဲမှုတွေရှိခဲ့သလို ကစားသမားရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး သံသယတွေရှိနေခဲ့တယ်လို့ ရူဒီဂါလက်တီက သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဘာလော့တယ်လီဟာ တူရကီကလပ် အဒါနာဒီမာစပေါ်အသင်းကနေ ထွက်ခွာခဲ့တဲ့ ပြီးခဲ့တဲ့ရာသီကုန်ကတည်းက အသင်းလက်မဲ့အဖြစ်ရှိနေတာပါ။ 

ဘာလော့တယ်လီကို တွေ့ရစဉ်

ဘာလော့တယ်လီနဲ့ ကိုရင်သီယန်အသင်းတို့ဟာ တစ်နှစ်ကို ယူရို ၃ သန်းနဲ့ ၂ နှစ် စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့ပေမယ့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့လို့ အီတလီကစားသမားဟာ အသင်းလက်မဲ့အဖြစ် ဆက်ပြီးရှိနေဦးမှာ ဖြစ်ပါတယ်။ 

အသက် ၃၃ နှစ်အရွယ်ရှိ ဘာလော့တယ်လီဟာ ကလပ်မရှိဘဲ ဖြတ်သန်းခဲ့ရတဲ့အချိန်တွေရှိခဲ့တာကြောင့် အသင်းလက်မဲ့ဖြစ်နေတဲ့ အခြေအနေပေါ် စိုးရိမ်မှုမရှိတာပါ။

အင်တာမီလန်၊မန်စီးတီး၊အေစီမီလန်နဲ့ လီဗာပူးလ်အသင်း အပါအဝင် ထိပ်တန်းအသင်းအချို့မှာ ကစားခဲ့တဲ့ ဘာလော့တယ်လီဟာ ခြေစွမ်းပိုင်းကောင်းပေမယ့် သူ့ရဲ့ဆိုးသွမ်းတဲ့ အပြုအမူတွေကြောင့် မျှော်လင့်သလောက် မဖြစ်ခဲ့ပါဘူး။ 

ဘာလော့တယ်လီဟာ ပြီးခဲ့တဲ့ရာသီက အဒါနာဒီမာစပေါ်အသင်းအတွက် ၁၆ ပွဲကစားပြီး ၇ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဘာလော့တယ်လီဟာ အီတလီအသင်းအတွက် ၃၆ ပွဲ ပါဝင်ကစားထားပြီး ၁၄ ဂိုးသွင်းယူကာ ၂၀၁၈ ခုနှစ်က နောက်ဆုံးပါဝင်ကစားခဲ့တာဖြစ်ပါတယ်။ 

Source: Goal