CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၂

မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်းဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု မရရှိသေးဘူးလို့ talkSPORT က ဖော်ပြထားပါတယ်။ 

ပြီးခဲ့တဲ့ရက်က ဒီဘရိုင်းဟာ အယ်လ်အစ်တီဟတ်အသင်းထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိ ထားတယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် ဒါက လက်ရှိအချိန်မှာ ဖြစ်ပျက်ဖို့ နီးစပ်မှုမရှိသေးတာပါ။ 

ဒီဘရိုင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဆော်ဒီကလပ်အသင်းတွေရဲ့ ပစ်မှတ်ဖြစ်ပေမယ့် မန်စီးတီးအသင်းက သူ့ကို ပြောင်းရွှေ့ကြေး အနည်းငယ်နဲ့ လက်လွှတ်ဖို့ ဆန္ဒမရှိပါဘူး။ 

ဘယ်လ်ဂျီယံ ကစားသမားနဲ့ မန်စီးတီးအသင်းတို့ရဲ့ စာချုပ်ဟာ နောက်ဆုံးနှစ်ကို ရောက်ရှိနေတဲ့အတွက် ဆော်ဒီ ကလပ်အသင်းတွေဟာ သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရမယ့် လာမယ့်နွေရာသီအထိ စောင့်ဆိုင်းဖွယ် ရှိနေပါတယ်။

ဒီဘရိုင်းကို ခေါ်ယူဖို့ အယ်လ်အစ်တီဟတ် အသင်းအပြင် အယ်လ်နာဆာအသင်းနဲ့ အယ်လ်ဟီလယ်အသင်းတို့ ကလည်း စိတ်ဝင်စားနေပေမယ့် ကစားသမားအနေနဲ့ ဆော်ဒီထံ ပြောင်းရွှေ့မယ်ဆိုရင် အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့နိုင်တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။ 

ဒီဘရိုင်းကို တွေ့ရစဉ်

ဒီဘရိုင်းဟာ ပြီးခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဆော်ဒီကလပ် အသင်းတွေက သူ့ကို ငွေကြေး အများအပြားနဲ့ ကမ်းလှမ်းမှု ပြုလုပ်လာခဲ့ရင် ငြင်းပယ်ဖို့ ခက်ခဲမယ်လို့ ဝန်ခံထားပါတယ်။

အယ်လ်အစ်တီဟတ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဘန်ဇီမာ၊ ကန်တီနဲ့ ဖာဘင်ဟိုတို့ကို ခေါ်ယူခဲ့ပေမယ့် အောင်မြင်မှု မရရှိခဲ့တာကြောင့် ဒီနွေရာသီမှာ ကစားသမားသစ်တွေအားဖြည့်ပြီး အောင်မြင်မှုရယူနိုင်ဖို့ လုပ်ဆောင်နေတာပါ။ 

အယ်လ်အစ်တီဟတ်အသင်းဟာ ဒီဘရိုင်းကို ခေါ်ယူဖို့ သဘောတူညီမှု မရရှိသေးပေမယ့် သူ့ရဲ့ မန်စီးတီးအသင်း ဖော် ဂိုးသမား အီဒါဆန်ကို ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းမှုပြု လုပ်ဖို့ ရှိနေပါတယ်။ 

အီဒါဆန်ဟာ အယ်လ်နာဆာအသင်းရဲ့ ပစ်မှတ်ဖြစ်ခဲ့ပေမယ့် သူတို့ရဲ့ ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းမှုကို မန်စီးတီး အသင်းက ပယ်ချခဲ့တာပါ။

မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ ရာသီကြို ခြေစမ်းပွဲတွေ ကစားဖို့ အမေရိကန်နိုင်ငံကို ရောက်ရှိနေပြီး ဆဲလ်တစ်၊ အေစီမီလန်၊ ဘာစီလိုနာ၊ ချယ်လ်ဆီးအသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Source: talksport