CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၂

ယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ နယ်သာလန်နောက်ခံလူ ဒီလစ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာနိုင်တယ်လို့ ဥက္ကဋ္ဌဟောင်း အူလီဟိုးနက်စ်က ပြောခဲ့ပါတယ်။

အူလီဟိုးနက်စ်က “နောက်ခံလူတစ်ဦး အသင်းက ထွက်ခွာသွားဖို့ ဖြစ်နိုင်ပါတယ်။ ဒီလစ်က ဒတ်ချ်လူမျိုးဖြစ်သလို ယူနိုက်တက်နည်းပြကလည်း ဒတ်ချ်လူမျိုးပါ။ သူဒီမှာ ဆက်ရှိနေရင်လည်း ကျနော်တို့အတွက် ပြဿနာမရှိပါဘူး။ ကျနော်ကတော့ အူပါမီကာနိုကို ရောင်းချသွားမှာ မဟုတ်ဘူး”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ တိုက်စစ်မှူး ဇာ့ခ်ဇီနဲ့ နောက်ခံလူ ယိုရိုတို့ကို ခေါ်ယူပြီးနောက် အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ ဆက်ပြီး လှုပ်ရှားနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ အေဂျက်စ်အသင်းမှာ အတူလက်တွဲခဲ့တဲ့ ဒီလစ်နဲ့ ပြန်လည် လက်တွဲဖို့ စိတ်အားထက်သန်နေပြီး သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားတယ်လို့ ပြောထားတာပါ။ 

ဒီလစ်ကိုတွေ့ရစဉ်

အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ဖို့ ရောက်ရှိချိန်ကတည်းက ဒီလစ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ ပေမယ့် အဆင်မပြေခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းနဲ့ ဒီလစ်တို့ဟာ အပြောင်းအရွှေ့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေး သဘောတူညီမှု မရရှိသေးတာပါ။

၂၀၂၂ ခုနှစ်က ဂျူဗင်တပ်စ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဒီလစ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိနေသေးတာ ဖြစ်ပါတယ်။

အဲဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီလစ်ကို ပြောင်းရွှေ့ကြေး အနည်းငယ်နဲ့ ရောင်းချဖို့မရှိလို့ ယူနိုက်တက် အသင်းနဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ ကြန့်ကြာနေတာပါ။

ဒဏ်ရာတွေကြောင့် ခြေစွမ်းပိုင်း အနည်းငယ် ကျဆင်းလာခဲ့တဲ့ အသက် ၂၄ နှစ်အရွယ်ရှိ ဒီလစ်ဟာ ဘိုင်ယန်မြူးနစ် အသင်းအတွက် ၇၃ ပွဲ ပါဝင်ကစားထားပြီး ၅ ဂိုးသွင်းယူကာ ဘွန်ဒစ်လီဂါနဲ့ ဂျာမန်စူပါဖလား ရရှိထားတာဖြစ်ပါတယ်။ 

Source: Dailymail