CNI International News
ရီးယာ့ဒ်၊ မတ်လ ၁၇
ဆော်ဒီနိုင်ငံ၏ ရေနံ အခြေခံအဆောက်အအုံများ တိုက်ခိုက်ခံရမှုအတွက် အီရန်တွင် တာဝန်ရှိသည်ဆိုသည့် သတင်းများကို ဆော်ဒီနိုင်ငံဆိုင်ရာ အီရန်သံအမတ်က ငြင်းဆိုခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
အီရန်အနေဖြင့် ဆော်ဒီ၏ ရေနံအဆောက်အအုံများကို တိုက်ခိုက်ခဲ့မည်ဆိုပါက တိုက်ခိုက်သည့်အကြောင်းကို ကြေညာမည်ဖြစ်ကြောင်း အီရန်သံအမတ် အလီရီဇာ အီနာယာတီ (Alireza Enayati) က ပြောကြားခဲ့သည်။
ဆော်ဒီ၏ ရေနံ အဆောက်အအုံများကို မည်သူက တိုက်ခိုက်ခဲ့သည်ဆိုခြင်းကို ၎င်းက ပြောကြားခဲ့ခြင်း မရှိသော် လည်း အီရန်သည် အမေရိကန်နှင့် အစ္စရေး၏ စစ်ရေး ပစ်မှတ်များကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု အီနာယာတီက ပြောသည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ခဲ့ပြီးနောက် အီရန်ကလည်း အစ္စရေး နိုင်ငံအပြင် ဆော်ဒီ၊ ကာတာ၊ ဘာရိန်း၊ ဂျော်ဒန်၊ အီရတ်နှင့် ယူအေအီးနိုင်ငံတို့ရှိ အမေရိကန်စစ်စခန်းများကို ပြန်လည်တိုက်ခိုက်ခဲ့သည်။

ရေနံစက်ရုံ တိုက်ခိုက်ခံရစဉ်
ပြီးခဲ့သည့် သီတင်းပတ်က ဆော်ဒီနိုင်ငံရှိ Ras Tanura ရေနံချက်စက်ရုံပေါ်သို့ ဒရုန်းတစ်စင်း ပျက်ကျခဲ့သဖြင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကာ စက်ရုံလည်ပတ်မှု ရပ်တန့်သွားခဲ့သည်။
ထို့ပြင် ယူအေအီး နယ်စပ်အနီး သဲကန္တာရအတွင်းရှိ ရှိုင်းဘား(Shaybah) ရေနံတွင်းတွင်လည်း တိုက်ခိုက်ရန် ကြိုးပမ်းမှုများ ရှိခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
ထိုဖြစ်စဉ်များနှင့်ပတ်သက်ပြီး ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနကမူ မည်သည့်နိုင်ငံ၊ မည်သည့် အဖွဲ့အစည်းကိုမှ အပြစ်တင်ခဲ့ခြင်း မရှိပေ။
အီရန်သံအမတ် အီနာယာတီကလည်း သူသည် ဆော်ဒီအရာရှိများနှင့် တိုက်ရိုက် အဆက်အသွယ်ရှိနေပြီး နှစ်နိုင်ငံ ဆက်ဆံရေး၏ နယ်ပယ်ကဏ္ဍ အများအပြားတွင် တိုးတက်မှုရှိနေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အီရန်ကို ပစ်မှတ်ထား တိုက်ခိုက်ရန်အတွက် ဆော်ဒီ၏ မြေပြင်၊ ဝေဟင်နှင့် ရေပြင်ပိုင်နက်များကို အသုံးပြုခွင့် ပေးမထားကြောင်း ဆော်ဒီက လူသိရှင်ကြား ကြေညာထားသည်။
အီရန်နှင့် ဆော်ဒီသည် တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ၂၀၂၃ ခုနှစ်က သံတမန်ဆက်ဆံရေးကို ပြန်လည် ထူထောင်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးတွင် ကဏ္ဍသစ်ဖွင့်လှစ်ရန် သဘောတူခဲ့ကြသည်။
Source: အယ်လ်ဂျာဇီးယား
