CNI International News
ဟနွိုင်း၊ မတ်လ ၁၇
အီရန်စစ်ပွဲကြောင့် လောင်စာဈေးနှုန်းများ မြင့်တက်နေချိန်တွင် တရုတ်နှင့် ထိုင်းနိုင်ငံတို့က ဗီယက်နမ်သို့ လေယာဉ်ဆီ တင်ပို့ရောင်းချမှုများကို ရပ်ဆိုင်းလိုက်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့ကြောင့် လာမည့် ဧပြီလမှစတင်၍ လေကြောင်းခရီးစဉ်များ လျှော့ချနိုင်ဖွယ် ရှိသည့်အတွက် ကြိုတင်ပြင်ဆင် ထားကြရန် ဗီယက်နမ်အာဏာပိုင်များက ပြည်တွင်းလေကြောင်းလုပ်ငန်းကဏ္ဍကို သတိပေးခဲ့ပြီး လောင်စာဆီ ပြတ်လပ်နိုင်ခြေ ပိုမိုမြင့်တက်လာဖွယ်ရှိသည်။
ဗီယက်နမ်နိုင်ငံသည် ၎င်းတို့လိုအပ်သော လေယာဉ်ဆီ ပမာဏ၏ ၃ ပုံ ၂ ပုံကျော်ကို ပြည်ပမှ တင်သွင်းနေရခြင်း ဖြစ်သည်။
ထိုလေယာဉ်ဆီများထဲမှ ၆၀ ရာခိုင်နှုန်းကို တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းနေခြင်း ဖြစ်သည်။
ဗီယက်နမ် လေကြောင်းအာဏာပိုင်အဖွဲ့က မတ်လ ၉ ရက်နေ့စွဲဖြင့် ပို့ဆောင်ရေးဝန်ကြီးဌာနသို့ ပေးပို့သော စာရွက်စာတမ်းတွင် ဧပြီလဆန်းပိုင်းမှ စတင်ပြီး ဗီယက်နမ်လေကြောင်းလိုင်းများအတွက် လေယာဉ်ဆီ ပြတ်လပ် နိုင်သည့် အန္တရာယ်များ ရှိနေသည် ဟု ဖော်ပြထားသည်။

လေကြောင်းလိုင်းများကို တွေ့ရစဉ်
လေကြောင်းလိုင်းများအနေဖြင့် ၎င်းတို့၏ ပျံသန်းမှု အစီအစဉ်များ အထူးသဖြင့် ပြည်တွင်း ခရီးစဉ်များကို ပြန်လည်သုံးသပ်ရန် ပြောကြားထားသည်။
ထို့ပြင် လောင်စာဆီ ပြတ်လပ်မှုကြောင့် ပျံသန်းမှုများ လျှော့ချရသည့်အခါ ဗီယက်နမ် လေယာဉ်များအတွက် ရပ်နားရန်နေရာများ ပြင်ဆင်ထားကြရန် လေဆိပ်လုပ်ငန်း လုပ်ကိုင်သူများကို ညွှန်ကြားထားသည်။
ထို့ပြင် စင်္ကာပူနိုင်ငံမှ တင်သွင်းနေရသည့် လောင်စာဆီ ပမာဏမှာလည်း လျော့ကျလာနေကြောင်း အဆိုပါ စာရွက်စာတမ်းအရ သိရသည်။
ထိုင်းနိုင်ငံကလည်း မတ်လ ၆ ရက်မှစပြီး မြန်မာနှင့် လာအိုနိုင်ငံတို့မှလွဲ၍ ကျန်နိုင်ငံများသို့ လောင်စာဆီ တင်ပို့မှု အားလုံးကို ပိတ်ပင်ခဲ့သည်။
ယခု သတင်းနှင့်ပတ်သက်ပြီး ရိုက်တာသတင်းဌာန၏ မှတ်ချက်ပေးရန် တောင်းဆိုမှုအပေါ် ဗီယက်နမ် လေကြောင်း ထိန်းသိမ်းရေးအဖွဲ့၊ ဝန်ကြီးဌာနနှင့် ဆီတင်သွင်းသည့် ကုမ္ပဏီများက တစ်စုံတစ်ရာ တုန့်ပြန်ခြင်း မရှိသေးပေ။
ဗီယက်နမ်၏ ထိပ်တန်းလေကြောင်းလိုင်းများဖြစ်သော Vietnam Airlines နှင့် VietJet တို့ကလည်း မှတ်ချက် ပေးရန် ငြင်းဆိုခဲ့ကြသည်။
Source: ရိုက်တာ
