CNI International News
ကိုင်ရို၊ မတ်လ ၁၆
အီရန်အနေဖြင့် အိမ်နီးချင်းနိုင်ငံများကို ပစ်မှတ်မထားရန် အီရန်၏ မဟာမိတ်ဖြစ်သည့် ပါလက်စတိုင်း လက်နက်ကိုင် အဖွဲ့ဖြစ်သည့် ဟားမာ့စ်အဖွဲ့က အီရန်အစိုးရအား တိုက်တွန်းခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
သို့သော် အီရန်အနေဖြင့် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကို တုန့်ပြန်ပိုင်ခွင့် ရှိသည်ဟုလည်း ဟားမာ့စ်အဖွဲ့က ထပ်လောင်းအတည်ပြုခဲ့သည်။
ယခုတိုက်တွန်းချက်သည် အီရန်၏ မူဝါဒများနှင့်ပတ်သက်ပြီး ဟားမာ့စ်အဖွဲ့၏ ပထမဆုံးအကြိမ် လူသိရှင်ကြား မှတ်ချက်ပေးမှုဖြစ်ခဲ့သည်။
ဟားမာ့စ်အဖွဲ့သည် စစ်ပွဲကာလအတွင်း အီရန်နှင့် တစ်သားတည်းရှိကြောင်း ဖော်ပြခဲ့သော်လည်း အီရန်ကို တိုက်ခိုက်နေသည့် အမေရိကန်နှင့် အစ္စရေးတို့ကို တုန့်ပြန်တိုက်ခိုက်မည်ဟု ပြတ်သားစွာ ခြိမ်းခြောက်ခဲ့ခြင်း မရှိပေ။
“အီရန်အနေနဲ့ နိုင်ငံတကာ စည်းမျဉ်းဥပဒေတွေနဲ့အညီ ရန်လိုမှုတွေကို တုန့်ပြန်ပိုင်ခွင့် ရှိပါတယ်။ အိမ်နီးချင်း နိုင်ငံတွေကို ပစ်မှတ်မထားဖို့ အီရန်မှာရှိတဲ့ ကျနော်တို့ရဲ့ ညီအစ်ကိုတွေကို တိုက်တွန်းချင်ပါတယ်”ဟု ဟားမာ့စ် အဖွဲ့က ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ဒေသတွင်းရှိ နိုင်ငံအားလုံးနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် အီရန်စစ်ပွဲကို ချက်ချင်းရပ်တန့် ပေးရန် ဟားမာ့စ်အဖွဲ့က တိုက်တွန်းခဲ့သည်။

အီရန် ခေါင်းဆောင်တွေကို တွေ့ရစဉ်
အစ္စရေးနှင့် ဟားမာ့စ်တို့သည် ဂါဇာဒေသတွင် အပစ်အခတ်ရပ်စဲရေးအတွက် ပြီးခဲ့သည့် အောက်တိုဘာလက သဘောတူညီခဲ့ကြသော်လည်း တိုက်ခိုက်မှုများသည် ပုံမှန်ဖြစ်ပွားနေခဲ့သည်။
အီရန်နှင့် စစ်ပွဲစတင်ချိန်တွင် ဂါဇာအပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ယာယီလျော့နည်းသွားခဲ့သော်လည်း နောက်ပိုင်းတွင် ဂါဇာ၌ အစ္စရေး၏ တိုက်ခိုက်မှုများ ပြန်လည်မြင့်တက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် အီရန်နှင့် မဟာမိတ်ဖြစ်သော လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့သည် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် သေဆုံးခဲ့မှုအတွက် လက်တုန့်ပြန်သည့် အနေ ဖြင့် မတ်လ ၂ ရက်နေ့တွင် အစ္စရေးကို စတင်တိုက်ခိုက်ခဲ့သည်။
ထိုအချိန်မှစပြီး အစ္စရေးသည် လက်ဘနွန်နိုင်ငံအတွင်း ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဟစ်ဇ်ဘိုလာအဖွဲ့ကို ပစ်မှတ်ထား ချေမှုန်းနေသည်။
ဂါဇာစစ်ပွဲ ကာလအတွင်း အစ္စရေးနှင့် ဆက်နွှယ်သည်ဟု ယူဆရသော ပင်လယ်နီအတွင်းရှိ သင်္ဘောများကို တိုက်ခိုက်ခဲ့သည့် ယီမင်နိုင်ငံရှိ အီရန်၏ မဟာမိတ်ဖြစ်သော ဟူရ်သီ (Houthis) အဖွဲ့သည်လည်း အီရန် အစိုးရနှင့်အတူ ခိုင်မာစွာ ရပ်တည်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
သို့သော် ဟူရ်သီအဖွဲ့သည် ပင်လယ်နီအတွင်းရှိ သင်္ဘောများကို ပြန်လည် တိုက်ခိုက်သွားမည်ဟု ခြိမ်းခြောက် ပြောဆိုခြင်း မရှိသေးပေ။
Source: ရိုက်တာ
