CNI International News

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၆

အမေရိကန်သည် အရှေ့အလယ်ပိုင်းဒေသတွင် အီရန်က ကျောထောက်နောက်ခံ ပေးထားသည့် အဖွဲ့များကို တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ရန် ရည်ရွယ်ထားကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျိတ် ဆူလေဗန် (Jake Sullivan) က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။ 

အမေရိကန်နှင့် ဗြိတိန်တပ်ဖွဲ့များသည် ပြီးခဲ့သည့် နှစ်ရက်အတွင်း အီရတ်၊ ဆီးရီးယားနှင့် ယီမင်နိုင်ငံများရှိ အီရန်နှင့် ဆက်နွှယ်သည့် လက်နက်ကိုင်အဖွဲ့များကို တိုက်ခိုက်ခဲ့ပြီးနောက် ဆူလေဗန်၏ ပြောကြားချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်သည် ဂျော်ဒန်နိုင်ငံတွင် အမေရိကန်တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှုကို တုန့်ပြန်သည့်အနေဖြင့် အီရတ် နှင့် ဆီးရီးယားနိုင်ငံများရှိ အီရန်နှင့်ဆက်နွှယ်သည့် အဖွဲ့များကို တိုက်ခိုက်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် အမေရိကန်နှင့် ဗြိတိန်တပ်ဖွဲ့များသည် ယီမင်နိုင်ငံရှိ ဟူရ်သီအဖွဲ့၏ ပစ်မှတ် ၃၆ ခုကို ပူးတွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

"ကျနော်တို့အနေနဲ့ နောက်ထပ် တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်။ ကျနော်တို့ တပ်ဖွဲ့တွေ တိုက်ခိုက်ခံရရင်၊ ကျနောတို့လူတွေ သေဆုံးခဲ့မယ်ဆိုရင် အမေရိကန်အနေနဲ့ တုန့်ပြန်သွားမယ်ဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ အမှာစကားကို ပေးပို့သွားမှာဖြစ်ပါတယ်"ဟု ဆူလေဗန်က NBC ရုပ်သံ၏ Meet the Presss အစီအစဉ်တွင် ဖေဖော်ဝါရီ ၄ ရက်က ပြောကြားခဲ့သည်။

အီရန်နဲ့ဆက်နွယ်သည့် လက်နက်ကိုင်အဖွဲ့ကို တွေ့ရစဉ်

ထိုတိုက်ခိုက်မှုများသည် ဟားမာ့စ်အဖွဲ့က အစ္စရေးကို ဝင်ရောက် တိုက်ခိုက်ခဲ့သည့် အောက်တိုဘာ ၇ ရက် နောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသတွင် ပဋိပက္ခများ ပျံ့နှံ့လာခဲ့သော ဖြစ်စဉ်များထဲတွင် နောက်ဆုံးဖြစ်စဉ်တစ်ခု ဖြစ်လာခဲ့သည်။

ထို့ပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) သည် ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲပိုင်းက အရှေ့အလယ်ပိုင်းဒေသသို့ ခရီးစဉ် ထွက်ခွာခဲ့မှုနှင့်အတူ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) အစိုးရအဖွဲ့သည် အစ္စရေး-ဟားမာ့စ်စစ်ပွဲကို အဆုံးသတ်စေရန် သံတမန်နည်းလမ်းများအရလည်း ဆက်လက် ကြိုးပမ်းလျက်ရှိသည်။

အီရန်က ကျောထောက်နောက်ခံ ပေးထားသည့် လက်နက်ကိုင် အုပ်စုများသည် ပါလက်စတိုင်းတို့အား ထောက်ခံ ကြောင်း ကြေညာခဲ့ပြီးနောက် အစ္စရေးကို တိုက်ခိုက်မှုများ ပြုလုပ်နေပြီး ပဋိပက္ခအတွင်းသို့ ပါဝင်လာခဲ့သည်။

အမေရိကန် တိုက်လေယာဉ်တစ်စင်းကို တွေ့ရစဉ်

လက်ဘနွန်နိုင်ငံမှ ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေးနယ်စပ်ကို ပစ်မှတ်ထားတိုက်ခိုက်မှု၊ အီရတ် လက်နက်ကိုင် အဖွဲ့များက အီရတ်နှင့် ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့များအား တိုက်ခိုက်မှု၊ ယီမင်နိုင်ငံရှိ ဟူရ်သီ သူပုန်အဖွဲ့က ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများနှင့် အစ္စရေးနိုင်ငံကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်နေကြသည်။

အီရန်ကမူ ထိုလက်နက်ကိုင် အုပ်စုများကို ထောက်ခံနေသည့်တိုင် အစ္စရေး-ဟားမာ့စ် ပဋိပက္ခအတွင်း တိုက်ရိုက် ပါဝင် ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။

Source: ရိုက်တာ