CNI International News

နယူးယောက်၊ ဇွန်လ ၂၄

ပင်လယ်နီတွင် ယီမင်နိုင်ငံမှ ဟူရ်သီ (Houthi) သူပုန်အဖွဲ့၏ မောင်းသူမဲ့ တိုက်ခိုက်ရေးရေယာဉ် (uncrewed surface vessels - USV) ၃ စင်းကို အမေရိကန်စစ်တပ်က တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်ဟု အမေရိကန် ဗဟိုစစ် ဌာနချုပ် (CENTCOM) က ပြောကြားခဲ့ကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။

“ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း CENTCOM ဟာ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟူရ်သီအဖွဲ့ရဲ့ မောင်းသူမဲ့ တိုက်ခိုက်ရေး ရေယာဉ် ၃ စင်းကို ပင်လယ်နီမှာ အောင်မြင်စွာ ဖျက်ဆီနိုင်ခဲ့ပါတယ်” ဟု CENTCOM က X လူမှု မီဒီယာတွင် ရေးသားခဲ့သည်။

ထို့ပြင် ယီမင်နိုင်ငံအတွင်းရှိ ဟူရ်သီသူပုန်များ ထိန်းချုပ်ထားသည့် နယ်မြေများမှ အေဒင်ပင်လယ်ကွေ့ (Gulf of Aden) သို့ ပစ်လွှတ်ခဲ့သည့် ပဲ့ထိန်းဒုံးကျည် ၃ စင်းရှိခဲ့ကြောင်း၊ ထိုဒုံးကျည်များကြောင့် မည်သည့် သင်္ဘောမှ ထိခိုက်ခြင်းမရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် ဟားမာ့စ်-အစ္စရေးစစ်ပွဲ အရှိန်မြင့်တက်ခဲ့ပြီးနောက် ဟူရ်သီအဖွဲ့က ၎င်းတို့သည် အစ္စရေးနယ်နိမိတ်ကို တိုက်ခိုက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

စစ်သင်္ဘော တစ်စင်းကို တွေ့ရစဉ်

ထို့ပြင် ဟားမာ့စ်အဖွဲ့အပေါ် ဆင်နွှဲနေသည့် အစ္စရေး၏ စစ်ပွဲကို မရပ်တန့်မချင်း ပင်လယ်နီနှင့် ဘက်အယ် မန်ဒက် ရေလက်ကြား (Bab el-Mandeb Strait)မှ ရေပြင်များကို ဖြတ်သန်းမောင်းနှင်သော အစ္စရေးနှင့်ဆက်နွှယ်သော  သင်္ဘောများကို ဟန့်တားသွားမည်ဖြစ်ကြောင်း ဟူရ်သီအဖွဲ့က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကတည်းက ဟူရ်သီအဖွဲ့သည် ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့ရှိ ဒါဇင်နှင့်ချီသည့် အရပ်ဖက်သင်္ဘောများကို တိုက်ခိုက်ခဲ့သည်။

ဟူရ်သီအဖွဲ့၏ တိုက်ခိုက်မှုကို တုန့်ပြန်သည့်အနေဖြင့် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များသည် ပင်လယ်နီ အတွင်း ရေကြောင်းသွားလာမှုများအား ဘေးကင်းလုံခြုံစေရန် Operation Properity Guardian အမည်ရှိ စစ်ဆင်ရေးကို စတင်လုပ်ဆောင်ခဲ့သည်။

ထိုစစ်ဆင်ရေးအတွင်း အမေရိကန်နှင့် ဗြိတိန်တပ်ဖွဲ့များသည် ယီမင်နိုင်ငံအတွင်းက ဟူရ်သီတို့ ထိန်းချုပ်ထား သည့် မြို့များရှိ ပစ်မှတ်များကို လေယာဉ်များ၊ စစ်သင်္ဘောများ၊ ရေငုပ်သင်္ဘောများဖြင့် ပူးပေါင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဟူရ်သီတို့၏ ဒုံးကျည်စခန်းများ၊ ဒရုန်းများနှင့် ရေဒီယို ဆက်သွယ်ရေးစနစ်များကို တိုက်ခိုက် ဖျက်ဆီး ခဲ့သည်။

Source: တာ့စ်