CNI International News

ဒူဘိုင်း၊ ဖေဖော်ဝါရီ ၂၄

ယီမင်နိုင်ငံတွင် အီရန်မှ ကျောထောက်နောက်ခံ ပေးထားသည့် ဟူရ်သီသူပုန်အဖွဲ့က ဖေဖော်ဝါရီ ၂၂ ရက်တွင် ဗြိတိန်ပိုင် ကုန်တင်သင်္ဘောတစ်စင်းကို တိုက်ခိုက်မှုနှင့် အမေရိကန်ဖျက်သင်္ဘောတစ်စင်းကို ဒရုန်းဖြင့် တိုက်ခိုက် ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထို့ပြင် အစ္စရေး၏ ဆိပ်ကမ်းတစ်ခုနှင့် အပန်းဖြေ စခန်းမြို့ဖြစ်သည့် အီလက် (Eilat) မြို့ကိုလည်း ပဲ့ထိန်းဒုံးကျည် များ၊ ဒရုန်းများနှင့်  ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ဟူရ်သီအဖွဲ့က ပြောသည်။

ဂါဇာဒေသတွင် အစ္စရေး၏ စစ်ဆင်ရေးများကို တုန့်ပြန်သည့်အနေဖြင့် ရေငုပ်သင်္ဘောဖျက် လက်နက်အသစ်များ အပါအဝင် ပင်လယ်နီနှင့် အခြားရေပြင်များအတွင်းရှိ သင်္ဘောများကို တိုက်ခိုက်မှုများ အရှိန်မြှင့် လုပ်ဆောင်သွား မည်ဟု ဟူရ်သီအဖွဲ့ခေါင်းဆောင်က ပြောကြားခဲ့ပြီးနောက် ဟူရ်သီအဖွဲ့ ကိုယ်စားလှယ်တစ်ဦးက X လူမှုမီဒီယာ တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အစ္စရေး-ဟားမာ့စ်စစ်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ဟူရ်သီအဖွဲ့သည် ပင်လယ်နီ၊ ဘက်ဘ်အယ် မန်ဒက် ရေလက်ကြား (Bab al-Mandab Strait) နှင့် အေဒင်ပင်လယ်ကွေ့ (Gulf of Aden) တို့တွင် ဒရုန်း တိုက်ခိုက်မှုများနှင့် ဒုံးကျည် တိုက်ခိုက်မှုများကို အဆက်မပြတ် ပြုလုပ်ခဲ့သည်။

“ပင်လယ်နီ၊ အာရေဗျ ပင်လယ် (Arabian Sea)၊ ဘက် အယ် မန်ဒက် ရေလက်ကြားနဲ့ အေဒင် ပင်လယ်ကွေ့မှာ စစ်ဆင်ရေးတွေကို ထိထိရောက်ရောက် ဆက်လက် လုပ်ဆောင်နေပါတယ်”ဟု ဟူရ်သီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူ မာလစ် အယ် ဟူရ်သီ (Abdul Malik al-Houthi) က ပြောကြားခဲ့ပြီး အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ဟူရ်သီအဖွဲ့၏ တိုက်ခိုက်မှုများသည် ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကြောင်း စုစုပေါင်း၏ ၁၂ ရာခိုင်နှုန်းရှိသည့် စူးအက် တူးမြောင်း (Suez Canal) တွင် ကုန်သွယ်ရေးလမ်းကြောင်းများကို အနှောင့်အယှက် ဖြစ်စေခဲ့သည်။

ထို့ပြင် သင်္ဘောကုမ္ပဏီများသည် ဟူရ်သီတို့၏ တိုက်ခိုက်မှုများကို ရှောင်လွှဲရန် အာဖရိကဘက်မှပတ်ပြီး သင်္ဘော များကို မောင်းနှင်ခဲ့သဖြင့် ကုန်ပစ္စည်းများ ပို့ဆောင်မှု ပိုမိုအချိန်ကြာမြင့်ခြင်းနှင့် ကုန်ကျစရိတ်များကို ပိုမိုမြင့်တက် စေခဲ့သည်။

ဟူရ်သီအဖွဲ့ကမူ ၎င်းတို့သည် အစ္စရေး၊ အမေရိကန်၊ ဗြိတိန်တို့နှင့် အဆက်အသွယ်ရှိသည့် သင်္ဘောများကိုသာ တိုက်ခိုက်ခြင်းဖြစ်ကြောင်း သင်္ဘောကုမ္ပဏီများကို အာမခံသည့် အနေဖြင့် ဖေဖော်ဝါရီ ၂၂ ရက်က ပြောကြားခဲ့ သည်။

ထို့ပြင် အစ္စရေး၊ အမေရိကန်၊ ဗြိတိန်နိုင်ငံများနှင့် ဆက်နွှယ်မှုရှိသည့် ကုမ္ပဏီများက ပိုင်ဆိုင်သည့် သင်္ဘောများကို ပင်လယ်နီ၊ အာရေဗျပင်လယ်၊ အေဒင်ပင်လယ်ကွေ့တို့တွင် မောင်းနှင်ခွင် ပိတ်ပင်ကြောင်းလည်း ဟူရ်သီအဖွဲ့က ထုတ်ပြန်ခဲ့သည်။

Source: ရိုက်တာ