CNI International News

ဝါရှင်တန်၊ ဇန်နဝါရီ ၁

ဟူရ်သီသူပုန်များသည် ပင်လယ်နီ (Red Sea) တွင် ကုန်တင်သင်္ဘောများအား မဆင်မခြင် တိုက်ခိုက်မှုများကို ရပ်တန့်မည့် လက္ခဏာ ပြသခြင်းမရှိကြောင်း အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်ရေတပ်၏ တပ်မှူးတစ်ဦးက ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။ 

ပင်လယ်နီရှိ ကုန်သွယ်ရေး လမ်းကြောင်းများနှင့် ရေပြင်များကို ကာကွယ်ရန် နိုင်ငံတကာ ပင်လယ်ရေကြောင်း မစ်ရှင်တစ်ခုဖြစ်သည့် Operation Prosperity Guardian စစ်ဆင်ရေးတွင် နိုင်ငံအများအပြား ပိုမိုပါဝင်လာသည့် တိုင် ဟူရ်သီတို့၏ တိုက်ခိုက်မှုများသည် ရပ်တန့်ဖွယ်မရှိကြောင်း အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး ဘရက် ကူးပါး (Brad Cooper) က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုစစ်ဆင်ရေး စတင်ကြောင်း ကြေညာခဲ့သည့် လွန်ခဲ့သည့် ၁၀ ရက်အတွင်း ကုန်ကူးသင်္ဘော ၁၂၀၀ ခန့်သည် ပင်လယ်နီဒေသကို ဖြတ်သန်းမောင်းနှင်ခဲ့ပြီး ဒရုန်းနှင့် ဒုံးကျည်များ၏ တိုက်ခိုက်မှုများအား မခံခဲ့ရကြောင်း ကူးပါးက ပြောကြားခဲ့သည်။ 

ဟူရ်သီသူပုန်ကို တွေ့ရစဉ်

အဆိုပါ စစ်ဆင်ရေးတွင် နောက်ထပ်နိုင်ငံများ ပါဝင်လာရန် မျှော်လင့်သည်ဟုလည်း ၎င်းက ပြောသည်။ 

ထို့နောက် ဒီဇင်ဘာ ၂၈ ရက်က ဒိန်းမတ်နိုင်ငံသည် ထိုစစ်ဆင်ရေးတွင် ပါဝင်ကြောင်း ကြေညာခဲ့ပြီး ဖရီးဂိတ် (frigate) စစ်သင်္ဘောတစ်စင်း စေလွှတ်ရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) ကလည်း အမေရိကန်ရေတပ်၏ အမှတ် ၅ စစ်သင်္ဘောအုပ်စု အခြေစိုက်သည့် ဘာရိန်းနိုင်ငံသို့ ရောက်ရှိချိန်တွင် ပင်လယ်နီ၌ ဟူရ်သီသူပုန်များ၏ တိုက်ခိုက် မှုသည် နိုင်ငံတကာက ပူးပေါင်းဖြေရှင်းရမည့် စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အေဒင် ပင်လယ်ကွေ့ (Gulf of Aden) နှင့် ပင်လယ်နီအကြား ဆက်သွယ်ထားသည့် ကျဉ်းမြောင်းသော ဘက် အယ် မန်ဒက် (Bab el-Mandeb)ရေလက်ကြားသည် အာရှနှင့် ဥရောပအကြား ကုန်တင်သင်္ဘောများ၏ အဓိက ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သည်။ 

 စစ်သင်္ဘောကိုတွေ့ရစဉ်

ထိုရေလက်ကြားတွင် ဟူရ်သီအဖွဲ့၏ တိုက်ခိုက်မှုများကြောင့် သင်္ဘောကုမ္ပဏီများသည် ထိုနေရာတွင် သင်္ဘော ပြေးဆွဲမှုများကို ဆိုင်းငံ့ကြောင်း ကြေညာခဲ့ပြီး Operation Prosperity Guardian စစ်ဆင်ရေးကြောင့် လုံခြုံရေး အခြေအနေ တိုးတက်လာချိန်တွင် သင်္ဘောများကို ပြန်လည်ပြေးဆွဲခဲ့ကြသည်။

ထိုစစ်ဆင်ရေး မတိုင်မီက သင်္ဘောကုမ္ပဏီများသည် ၎င်းတို့၏ ကုန်တင်သင်္ဘောများကို အာဖရိကဘက်မှ ပတ်ပြီး မောင်းနှင်ခဲ့ရသဖြင့် ကုန်ကျစရိတ်များ ပိုမိုများပြားခဲ့ကာ ကုန်များရောက်ရှိမှုမှာလည်း အချိန်နှောင့်နှေး ကြန့်ကြာခဲ့ ရသည်။

လက်ရှိတွင် ပင်လယ်နီတောင်ပိုင်းနှင့် အေဒင်ပင်လယ်ကွေ့ အနောက်ပိုင်း ရေပြင်များ၌ အမေရိကန်၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့မှ စစ်သင်္ဘော ၅ စင်းသည် ကင်းလှည့် မောင်းနှင်လျက်ရှိသည်။

Source: အေပီ