CNI International News

ဝါရှင်တန်၊ ဇန်နဝါရီ ၁၅

ယီမင်နိုင်ငံတွင် အမေရိကန်၏ ဒုံးကျည်တိုက်ခိုက်မှုများကို ပြင်းထန်စွာနှင့် ထိထိရောက်ရောက် တုန့်ပြန်သွား မည်ဖြစ်ကြောင်း ဟူရ်သီသူပုန်အဖွဲ့က သတိပေးခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန်သည် ကုန်တင်သင်္ဘောများကို အီရန်နှင့် အဆက်အသွယ်ရှိသည့် ဟူရ်သီသူပုန်၏ တိုက်ခိုက်မှုများမှ ကာကွယ်ပေးမည်ဟု သန္နိဋ္ဌာန်ချမှတ်ထားချိန်တွင် ထိုတိုက်ခိုက်မှုများကြောင့် ဒေသတွင်း တင်းမာမှုများ မြင့်တက်ခဲ့သည်။

ဟူရ်သီသူပုန်များ၏ တိုက်ခိုက်မှုများနှင့် အမေရိကန်၏ တိုက်ခိုက်မှုများကြောင့် အစ္စရေးနှင့် ဟားမာ့စ်အကြား စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပဋိပက္ခသည် အရှေ့အလယ်ပိုင်းဒေသသို့ ပျံ့နှံ့သွားနိုင်ခြေရှိသည့် စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်။ 

 အမေရိကန်တိုက်လေယာဉ်ကိုတွေ့ရစဉ်

လက်ဘနွန်၊ ဆီးရီးယားနှင့် အီရတ်နိုင်ငံများရှိ အီရန်၏ မဟာမိတ် လက်နက်ကိုင်အဖွဲ့များကလည်း အစ္စရေးနှင့် ဒေသတွင်း အမေရိကန်တပ်ဖွဲ့များကို တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ကလည်း ဟူရ်သီသူပုန်များ၏ တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး အမေရိကန်က အီရန်ကို ပုဂ္ဂိုလ်ရေးအရ အမှာစကား ပြောကြားခဲ့သည်ဟု ပြောသည်။ 

"ကျနော်တို့ဘက်က ကောင်းမွန်စွာ ပြင်ဆင်ထားတယ်ဆိုတဲ့ အကြောင်းကို အီရန်နိုင်ငံဆီ သီးသန့် အမှာစကား ပါးခဲ့ပါတယ်"ဟု ဘိုင်ဒန်က သတင်းထောက်များကို ပြောကြားခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ဇန်နဝါရီ ၁၂ ရက်က အမေရိကန်၏ ဒုံးကျည်တိုက်ခိုက်မှုသည် ဟူရ်သီသူပုန်များ၏ ရေဒါစခန်းကို ထိမှန်ခဲ့သည်။ 

အမေရိကန်နှင့် ဗြိတိန်သည် ဇန်နဝါရီ ၁၁ ရက်ကလည်း ယီမင်နိုင်ငံအတွင်းရှိ ဟူရ်သီသူပုန်များ၏ စခန်းများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ဟူရ်သီသူပုန်အဖွဲ့၀င်ကို တွေ့ရစဉ်

"အခုနောက်ဆုံးဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကို ပြင်းထန်ပြီး ထိရောက်မှုရှိစွာ ပြန်လည်တုန့်ပြန်သွားမှာပါ" ဟု ဟူရ်သီအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နက်စ်ရူလ်ဒင်း အမ်မာ (Nasrudeen Amer) က အယ်လ်ဂျာဇီးယား သတင်းဌာနကို ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရခြင်းနှင့် ပစ္စည်းများ ပျက်စီးခြင်း မရှိခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။ 

ထို့ပြင် ဆန်နာ (Sanaa) မြို့တော်ရှိ စစ်စခန်း တိုက်ခိုက်ခံရမှုသည် ပင်လယ်နီ (Red sea) နှင့် အာရေဗျ ပင်လယ် (Arabian Sea) အတွင်းရှိ အစ္စရေးနှင့် ဆက်နွှယ်မှုရှိသည့် သင်္ဘောများကို တိုက်ခိုက်မည့် ဟူရ်သီသူပုန်၏ လုပ်နိုင် စွမ်းများအပေါ် ကြီးကြီးမားမား သက်ရောက်မှု မရှိကြောင်းလည်း ဟူရ်သီသူပုန်၏ နောက်ထပ် ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အဗ္ဗဒူဆာလမ် (Mohammed Abdulsalam) က ပြောကြားခဲ့သည်။ 

Source: ရိုက်တာ