CNI International News

ဝါရှင်တန်၊ ဇန်နဝါရီ ၁၉

အမေရိကန်တပ်ဖွဲ့များသည် ယီမင်နိုင်ငံရှိ အီရန်၏ ကျောထောက်နောက်ခံ ရရှိထားသည့် ဟူရ်သီသူပုန်များကို သီတင်းတစ်ပတ်အတွင်း စတုတ္ထမြောက်နေ့အဖြစ် တိုက်ခိုက်ခဲ့ရာတွင် ဟူရ်သီသူပုန်များ ပစ်လွှတ်ရန် ပြင်ဆင် ထားသော ဒုံးကျည် ၁၄ စင်းကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ထိုဒုံးကျည်များသည် ဒေသတွင်း အမေရိကန်ရေတပ် စစ်သင်္ဘောများနှင့် ကုန်တင်သင်္ဘောများအတွက် ခြိမ်းခြောက်မှုဖြစ်သည်ဟု အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM)က ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ယီမင်နိုင်ငံ၏ နေရာဒေသ အများအပြားကို ထိန်းချုပ်ထားသည့် ဟူရ်သီသူပုန်သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ကတည်းက ဒေသတွင်းရှိ သင်္ဘောများအား တိုက်ခိုက်နေပြီး အမေရိကန်စစ်တပ်၏ တန်ပြန်တိုက်ခိုက်မှုများကို ခံခဲ့ရသည့်တိုင် ၎င်းတို့၏ တိုက်ခိုက်မှုများကို ရပ်တန့်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

"အစ္စရေးရဲ့ သင်္ဘောတွေ၊ ဒါမှမဟုတ် အစ္စရေးဆိပ်ကမ်းတွေကို သွားရောက်မယ့် သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေကို ကျနော်တို့ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ ဒါက ပါလက်စတိုင်းတွေကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ တိုက်ခိုက်နေတာပါ" ဟု ဟူရ်သီသူပုန်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အဗ္ဗဒယ်ဆာလမ် (Mohamed Abdelsalam)က အယ်လ်ဂျာဇီးယား သတင်းဌာနကို ဇန်နဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်ဗဟိုစစ်ဌာနချုပ်ကို တွေ့ရစဉ်

အမေရိကန် ဗဟိုစစ်ဌာနချုပ်ကမူ ဟူရ်သီသူပုန်တို့၏ ဒုံးကျည်များသည် အချိန်မရွေး ပစ်လွှတ်နိုင်သည့် အသင့် အနေအထားတွင် ရှိနေသဖြင့် ထိုဒုံးကျည်များကို တိုက်ခိုက် ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း X လူမှုမီဒီယာ၌ ရေးသား ဖော်ပြခဲ့သည်။

အမေရိကန်၏ တိုက်ခိုက်မှုများသည် ပင်လယ်နီ (Red Sea) ၊ ဘက်ဘ် အယ်လ် မန်ဒက် ရေလက်ကြား (Bab-el-Mandeb Strait) နှင့် အေဒင်ပင်လယ်ကွေ့ (Gulf of Aden) အတွင်းရှိ နိုင်ငံတကာ ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားသည့် ဟူရ်သီသူပုန်များ၏ အဆင်အခြင်ကင်းမဲ့သော တိုက်ခိုက်မှု စွမ်းဆောင်ရည်များကို လျော့ကျ စေရန်ဖြစ်ကြောင်း CENTCOM က ထုတ်ပြန်ခဲ့သည်။

ဟူရ်သီသူပုန်တို့ ထိန်းချုပ်ထားသည့် ယီမင်နိုင်ငံ၏ Saba သတင်းအေဂျင်စီကမူ အမေရိကန်နှင့် ဗြိတိန်တပ်ဖွဲ့များ သည် ဟိုဒီအိုင်ဒါ (Hodeidah) ၊ တာအစ်ဇ် (Taiz) ဒါမာ (Dhamar) ၊ အယ်လ် ဘေဒါ (al-Bayda) နှင့် ဆာဒါ (Saada) ပြည်နယ်များကို ထိမှန်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

သို့သော် အမေရိကန်စစ်ဌာနချုပ်ကမူ ဇန်နဝါရီ ၁၇ ရက်က ပြုလုပ်ခဲ့သည့်် တိုက်ခိုက်မှုများတွင် ဗြိတိန်တပ်ဖွဲ့များ ပါဝင်ကြောင်း ပြောကြားခဲ့ခြင်းမရှိပေ။

Source: အယ်လ်ဂျာဇီးယား