CNI International News

ဝါရှင်တန်၊ ဇန်နဝါရီ ၆

ယီမင်နိုင်ငံရှိ ဟူရ်သီ လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ထားသည့် ဒေသများမှ ပစ်လွှတ်ခဲ့သော တိုက်ခိုက်ရေး မောင်းသူမဲ့ ရေယာဉ်တစ်စင်းသည် ပင်လယ်နီအတွင်းရှိ အမေရိကန်ရေတပ်နှင့် ကုန်တင်သင်္ဘောများ သွားလာ နေသည့် နေရာများနှင့် မိုင်အနည်းငယ် ကွာဝေးသည့်နေရာတွင် ပေါက်ကွဲသွားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ဟူရ်သီအဖွဲ့အနေနှင့် ပင်လယ်နီ (Red Sea) တွင် သင်္ဘောများကို တိုက်ခိုက်နေမှုများအား ရပ်တန့်ရန်၊ သို့မဟုတ် ပါက စစ်ရေးအရ ပစ်မှတ်ထား အရေးယူမှုများနှင့် ခံရမည်ဟု အမေရိကန်နှင့် မဟာမိတ် ၁၂ နိုင်ငံက နောက်ဆုံး သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် နာရီပိုင်းအကြာ ဇန်နဝါရီ ၅ ရက်နေ့မှာပင်  ဟူရ်သီအဖွဲ့က တိုက်ခိုက်မှု ဆက်လက်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အစ္စရေး-ဟားမာ့စ်စစ်ပွဲ ဖြစ်ပွားပြီးကတည်းက ဟူရ်သီအဖွဲ့သည် ပင်လယ်နီတွင် မောင်းသူမဲ့ တိုက်ခိုက်ရေး ရေယာဉ် (USV) ကို အသုံးပြုမှုသည် ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း အရှေ့အလယ်ပိုင်းရှိ အမေရိကန်ရေတပ်၏ စစ်ဆင်ရေးများကို ပြုလုပ်နေသည့် ရေတပ်ဗိုလ်ချုပ်ကြီး ဘရက် ကူးပါး (Brad Cooper) က ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေ ဟူရ်သီအဖွဲ့သည် ပြီးခဲ့သည့် နှစ်များအတွင်းကလည်း ထိုကဲ့သို့ မောင်းသူမဲ့ တိုက်ခိုက်ရေး ရေယာဉ်များကို အသုံးပြုပြီး တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ဖူးသည်။

ထိုမောင်းသူမဲ့ တိုက်ခိုက်ရေး ရေယာဉ်များသည် ယီမင်စစ်ပွဲအတွင်း စစ်ရေးအရ ကြားဝင်ခဲ့သည့် ဆော်ဒီအာရေဗျ ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ချိန်အတွင်း ဟူရ်သီအဖွဲ့၏ ပင်လယ်ရေကြောင်းဆိုင်ရာ တိုက်ခိုက် မှုများတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါင်ခဲ့သည်ဟု နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး အင်စတီကျုမှ ဒုံးကျည်ကျွမ်းကျင်သူနှင့် သုတေသနပညာရှင် ဖာဘင်ယန် ဟင့်ဇ် (Fabian Hinz) က ပြောကြားခဲ့သည်။

ထိုမောင်းသူမဲ့ တိုက်ခိုက်ရေး ရေယာဉ်များသည် တစ်ခါသုံး ဖောက်ခွဲရေး ရေယာဉ်များဖြစ်ပြီး ပစ်မှတ်ကို ဖောက်ခွဲ ဖျက်ဆီးတိုက်ခိုက်ရာတွင် အသုံးပြုလေ့ရှိသည်။

ဟူရ်သီအဖွဲ့၏ မောင်းသူမဲ့ တိုက်ခိုက်ရေး ရေယာဉ်အများစုကို ယီမင်တွင် တပ်ဆင်ခြင်းဖြစ်သော်လည်း ကွန်ပျူ တာ လမ်းညွှန်စနစ်များကဲ့သို့ အစိတ်အပိုင်းများကို အီရန်နိုင်ငံ၌ ထုတ်လုပ်ခဲ့သည့် ပစ္စည်းများဖြင့် တပ်ဆင်ခြင်း ဖြစ်သည်ဟု ဟင့်ဇ်က ပြောကြားခဲ့သည်။

အီရန်သည် ဒရုန်းများ၊ မြေပြင်တိုက်ခိုက်ရေး ခရုဇ်ဒုံးကျည်များနှင့် ပဲ့ထိန်းဒုံးကျည်များ အပါအဝင် ခေတ်မီ လက်နက်များနှင့် ငွေကြေးများကို ဟူရ်သီအဖွဲ့အား ထောက်ပံ့ပေးခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် လက်ထောက် သံအမတ် ခရစ္စတိုဖာ လူ (Christopher Lu) က ဇန်နဝါရီ ၃ ရက်က ပြုလုပ်ခဲ့သည့် လုံခြုံရေး ကောင်စီ အရေးပေါ်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထို့ပြင် အီရန်သည် ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားသည့် ဟူရ်သီအဖွဲ့၏ တိုက်ခိုက် မှုများတွင် အစီအစဉ်များရေးဆွဲသည့် အခန်းကဏ္ဍမှ နက်နက်ရှိုင်းရှိုင်း ပါဝင်ခဲ့သည်ဟုလည်း ခရစ္စတိုဖာ လူက ပြောကြားခဲ့သည်။

Source: အေပီ