CNI Internatioanl News

ကိယက်ဗ်၊ ဇန်နဝါရီ ၁၉

ရုရှားနှင့် စစ်ပွဲ ဆက်လက်ဖြစ်ပွားနေသည့်တိုင် ယူကရိန်းအာဏာပိုင်များက ပျက်စီးသွားသည့် မြို့များနှင့် မြို့နယ် များတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စတင်လုပ်ဆောင်နေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

လွန်ခဲ့သည့် ၂ နှစ်နီးပါးခန့်က ရုရှားနှင့် စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယူကရိန်း၏ မြို့အများအပြားသည် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့ပြီး လက်ရှိတွင် မြို့ ၆ မြို့ကို နိုင်ငံတော်ဘဏ္ဍာဖြင့် ပြန်လည် ထူထောင်ရေးများ ပြုလုပ်လျက် ရှိသည်။

ထိုမြို့များထဲတွင် ထရိုစတီယန်နက်စ် (Trostianets) မြို့လည်း ပါဝင်နေပြီး မြို့ထဲမှာ ထွက်ပြေးတိမ်းရှောင် သွားသူများကို ပြန်လည် လာရောက်နေထိုင်စေရန် မြို့ကို ပုံမှန်အခြေအနေအတိုင်း ပြန်ဖြစ်စေဖို့ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသည်ဟု မြို့တော်ဝန် ယူရီ ဘိုဗာ (Yuriy Bova)က ပြောကြားခဲ့ သည်။

ကိယက်ဗ် (Kyiv) မြို့တော်ရှိ အရာရှိများကလည်း ယူကရိန်းတွင် ပြန်လည်ထူထောင်ရေးများကို အရေးပေါ် လုပ်ဆောင်မည့် အရိပ်လက္ခဏာများ ပြသခဲ့ပြီး ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဓာတ်အားပေးစက်ရုံများနှင့် ရထားလမ်းကွန်ယက်များ အပါအဝင် မရှိမဖြစ် အရေးကြီးသည့် အခြေခံ အဆောက်အအုံများကို အမြန်ဆုံး ပြန်လည်ထူထောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းကို ပြန်လည်ထူထောင်ရေးလုပ်နေကြစဉ်

လက်ရှိတွင် စစ်ပွဲသည် ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး ယူကရိန်း၏ တန်ပြန်ထိုးစစ် အောင်မြင်ခြင်း မရှိခဲ့မှုနှင့် အတူ ယူကရိန်းတပ်ဖွဲ့များသည် ရုရှားတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို ခုခံနေရချိန်တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအတွက် ဒေါ်လာ ဘီလျံချီ လိုအပ်မည်ဖြစ်သည်။ 

စစ်ပွဲသည် အရှိန်လျော့ကျသွားမည့် အလားအလာ မရှိသည့် အခြေအနေမျိုးတွင် ရုရှားသည် ယူကရိန်းနှင့် ဖြစ်ပွားနေသည့် ရှေ့တန်းစစ်မြေပြင်နှင့် အလှမ်းကွာဝေးသော နေရာများကို လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်စွာ ပြုလုပ်ခဲ့သည်။

"ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ အများကြီးလုပ်ရမှာပါ။ ပန်းခြံတွေ၊ ပြည်သူ့ရင်ပြင်တွေ အားလုံးဟာ စစ်ပွဲကြောင့် ပျက်စီးသွားခဲ့လို့ ဖြစ်ပါတယ်"ဟု ယူကရိန်း၏ Okhtyrka မြို့တော်ဝန် ပါဗလို ကုဇ်မန်ကို (Pavlo Kuzemnko) က ပြောကြားခဲ့သည်။

သို့သော် စစ်ပွဲ ဆက်လက် ဖြစ်ပွားနေချိန်တွင် ယခုကဲ့သို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အလျင်စလို ပြုလုပ်နေသည့် အစိုးရ၏ အစီအစဉ်များကို ဒေသခံ အရာရှိများက ဝေဖန်ပြောဆိုနေကြပြီး သဘောထား ကွဲလွဲ မှုများလည်း ရှိနေသည်ဟု ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။

Source: ရိုက်တာ