CNI International News
တိုကျို၊ ဇန်နဝါရီ ၁၉
ဂျပန်ကွန်မြူနစ်ပါတီ (JCP) သည် ပါတီသမိုင်းတစ်လျှောက်တွင် ပထမဆုံး အမျိုးသမီးခေါင်းဆောင်အဖြစ် တိုမိုကို တာမူရာ (Tomoko Tamura) ကို ဇန်နဝါရီ ၁၈ ရက်တွင် ရွေးချယ်ခန့်အပ်ခဲ့ကြောင်း Japan Times မှ ဖော်ပြခဲ့ သည်။
JCP သည် မဲဆန္ဒရှင်များ၏ ထောက်ခံမှုကို ပိုမိုရရှိစေရန် ရည်ရွယ်သည့်အနေဖြင့် ထိုကဲ့သို့ အမျိုးသမီး ခေါင်းဆောင်တစ်ဦးအား ခန့်အပ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။
အသက် ၅၈ နှစ်အရွယ် ဂျပန်အထက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ဝင် တာမူရာသည် သက်တမ်း ၁၀၂ နှစ် ရှိပြီဖြစ်သည့် ဂျပန်၏ သက်တမ်းအရင့်ဆုံး ကွန်မြူနစ်ပါတီခေါင်းဆောင် နေရာကို အသက် ၆၉ နှစ်အရွယ် ကာဇူအို ရှီအီ (Kazuo Shii) ထံမှ လွှဲပြောင်းဆက်ခံခဲ့ခြင်းဖြစ်သည်။
ရှီအီသည် ၂၀၀၀ ပြည့်နှစ်ကတည်းက ဂျပန်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး JCP တွင် သက်တမ်းအရှည်ကြာဆုံး တာဝန်ထမ်းဆောင်ခဲ့သည့် ခေါင်းဆောင်တစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့သူဖြစ်သည်။
ဂျပန်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ဖြစ်လာတဲ့ ကာဇူအိုရှီအီကို တွေ့ရစဉ်
တာမူရာအား ပါတီခေါင်းဆောင်အဖြစ် ခန့်အပ်ရန် ရှီဇူအိုကာ (Shizuoka) စီရင်စုနယ်၊ အက်တာမီ (Atami) မြို့တွင်ပြုလုပ်သည့် ပါတီညီလာခံ၏ နောက်ဆုံးနေ့ဖြစ်သော ဇန်နဝါရီ ၁၈ ရက်တွင် ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်။
ထို့နေ့မှာပင် ရှီအီသည် JCP ပါတီ၏ အဓိက မူဝါဒချမှတ်သည့် အဖွဲ့ဖြစ်သော ဗဟိုကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံခဲ့ရပြီး သူသည် ပါတီလမ်းစဉ်များအပေါ် ဆက်လက်၍ သြဇာလွှမ်းမိုးထားဖွယ်ရှိသည်။
လက်ရှိတွင် တာမူရာသည် JCP ပါတီ၏ မူဝါဒရေးရာကော်မရှင် ဥက္ကဋ္ဌအဖြစ် တတိယသက်တမ်းကို တာဝန် ထမ်းဆောင်နေပြီး ဂျပန်အထက်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သည်။
ယခုကဲ့သို့ ဂျပန်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်အသစ် ပြောင်းလဲမှုသည် ကျား/မ အခြေပြု လိင်ခွဲခြားမှုကို ဆန့်ကျင်သည့်သဘော သက်ရောက်ပြီး မျိုးဆက်သစ်လူငယ်များ၏ ထောက်ခံမှုကို ပိုမိုရရှိစေရန် မျှော်လင့်ခြင်း ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: Japan Times