CNI International News

အစ္စလာမ်မာဘက်၊ ဇန်နဝါရီ ၁၉

အီရန်နိုင်ငံအတွင်းရှိ စစ်သွေးကြွစခန်းများကို ပါကစ္စတန်လေတပ်က ဇန်နဝါရီ ၁၈ ရက်တွင် လေကြောင်း တိုက်ခိုက်ခဲ့သဖြင့် လူ ၉ ဦးထက်မနည်း သေဆုံးခဲ့ကာ နှစ်နိုင်ငံအကြား တင်းမာမှုများမြင့်တက်လာခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

အီရန်က ပါကစ္စတန်နယ်စပ်ဒေသတွင် ဘာလုချ် (Baluch) စစ်သွေးကြွ အဖွဲ့နှစ်ဖွဲ့ကို ဇန်နဝါရီ ၁၆ ရက်က တိုက်ခိုက်ခဲ့ပြီးနောက် ပါကစ္စတန်ကလည်း အီရန်နိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ပြီး တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုစစ်သွေးကြွအဖွဲ့များသည် ပါကစ္စတန်နှင့် အီရန်နိုင်ငံများတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်နေသည်။

အဆိုပါ တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး အီရန်နှင့်ပါကစ္စတန်အကြား အပြန်အလှန် စွပ်စွဲပြစ်တင်မှုများ ပြုလုပ် ခဲ့သည်။

ယခုကဲ့သို့ တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား တိုက်ခိုက်မှုများကြောင့် အီရန်နှင့် ပါကစ္စတန်အကြား သံတမန် ဆက်ဆံရေးတွင် တင်းမာမှုများ မြင့်တက်ခဲ့ပြီး နှစ်နိုင်ငံစလုံးသည် ပြည်တွင်းရေး ဖိအားများနှင့် ရင်ဆိုင်နေရသည်။

 ကန့်ကွက်နေကြစဉ်

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ဟားမာ့စ်အဖွဲ့အကြား စစ်ပွဲဖြစ်ပွားနေချိန်တွင် အီရန်က ပါကစ္စတန် နယ်နိမိတ်ပေါ်တွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ပါကစ္စတန်ကလည်း အီရန်၏ နယ်နိမိတ်ပေါ်၌ တုန့်ပြန် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၁၈ ရက်က တိုက်ခိုက်မှုသည် ရည်ရွယ်ထားသည့် စစ်ရေးပစ်မှတ်များကို တိကျစွာ ထိမှန်ခဲ့ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ 

"ဒီနေ့ မနက်ပိုင်းက လုပ်ဆောင်ချက်ဟာ အကြမ်းဖက်လှုပ်ရှားမှုတွေ မဖြစ်ပွားခင်မှာ ခိုင်မာတိကျတဲ့ ထောက်လှမ်းရေးသတင်းတွေနဲ့အတူ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ ပါကစ္စတန်ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုတွေရန်က ကာကွယ်ဖို့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်" ဟု ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

နိုင်ငံခြားရေး၀န်ကြီးဌာနရှေ့မှာ လုံခြုံရေးတစ်ဦးကိုတွေ့ရစဉ်

ပါစ္စတန်စစ်တပ်သည် တိုက်ခိုက်ရေးဒရုန်းများ၊ ရော့ကတ်များ၊ ဖောက်ခွဲရေးပစ္စည်းများနှင့် ဒုံးကျည်များကို အသုံးပြု တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ပါကစ္စတန် တိုက်လေယာဉ်များသည် အီရန် လေပိုင်နက် အတွင်းသို့ ဝင်ရောက်ခြင်းမရှိဘဲ အဝေးမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် သဘောမျိုး ထုတ်ပြန်ခဲ့သည်။

အီရန်၏ စစ္စတန်နှင့် ဘာလူချီစတန် (Sistan and Baluchestan) ပြည်နယ်၏ ဒုတိယအုပ်ချုပ်ရေးမှူး အလီ ရီဇာ မာဟာမက်တီ (Ali Reza Marhamati) ကမူ ပါကစ္စတန်၏ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၃ ဦး၊ ကလေး ၄ ဦးနှင့် အမျိုးသား ၂ ဦးသေဆုံးခဲ့ပြီး အပြစ်မဲ့ အရပ်သားများ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

Source: အေပီ