CNI International News

ကာဘူးလ်၊ ဇွန်လ ၂၀ 

ပါကစ္စတန်နိုင်ငံအတွင်းရှိ ပြည်နယ်နှစ်ခုတွင် ရှိနေသော အစ္စလာမ်မစ် စစ်သွေးကြွများ ပုန်းအောင်နေသည့် စခန်း များကို လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ တာလီဘန်အစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၁၉ ရက်တွင် ပြောကြားခဲ့ဟု CNA မှ ဖော်ပြခဲ့သည်။

ထိုလုပ်ရပ်သည် နှစ်နိုင်ငံကြား နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လအနည်းငယ် အကြာတွင် တင်းမာမှုများကို ထပ်မံမြင့်တက်စေခဲ့သည်။

အာဖဂန်နစ္စတန်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ပါကစ္စတန်နိုင်ငံ၏ ဘာလိုချီစတန် (Balochistan) နှင့် ခိုင်ဘာ ပက်ထန်ခါဝါ (Khyber Pakhtunkhwa) ပြည်နယ်များရှိ စစ်သွေးကြွများ ပုန်းအောင်းနေသည့် နေရာများကို ဇွန်လ ၁၈ ရက်ညပိုင်းက လေတပ်ဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။

တိုက်ခိုက်မှုကို မည်သည့်နည်းလမ်းဖြင့် လုပ်ဆောင်ခဲ့သည်ဆိုခြင်းကိုမူ အသေးစိတ် ဖော်ပြထားခြင်းမရှိဘဲ ထိုတိုက်ခိုက်မှုသည် လပေါင်းများစွာအတွင်း ပါကစ္စတန်နယ်နိမိတ်ပေါ်တွင် အာဖဂန်အစိုးရ၏ ပထမဆုံး အဓိက ထိုးစစ်ဆင်မှု ဖြစ်သည်။

လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာလေ့လာရေးအင်စတီကျု (IISS) ၏ အချက်အလက်များအရ အာဖဂန်နစ္စတန်နိုင်ငံတွင် တိုက်လေယာဉ်များ မရှိသော်လည်း အနည်းဆုံး စစ်လေယာဉ် ၆ စင်းနှင့် ရဟတ်ယာဉ် ၂၃ စင်း ပိုင်ဆိုင်ကြောင်း ဖော်ပြထားသည်။

တာလီဘန်တစ်ဦးကို တွေ့ရစဉ်

အာဖဂန်နစ္စတန်ဘက်မှ ယခုတိုက်ခိုက်မှုကို မည်သို့လုပ်ဆောင်ခဲ့သည်ကို အသေးစိတ် မသိရသော်လည်း တာလီဘန်တပ်ဖွဲ့များသည် ပါကစ္စတန်နှင့် တိုက်ပွဲများအတွင်း ဒရုန်းများကို အသုံးပြုခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။

“အခုတိုက်ခိုက်ခဲ့တဲ့ စခန်းတွေဟာ အာဖဂန်နစ္စတန်ကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ ရန်သူ့ထောက်လှမ်းရေး အသိုင်း အဝိုင်းအချို့နဲ့ ပူးပေါင်းကြံစည် ပြင်ဆင်ရာမှာ အသုံးပြုနေတယ်လို့ စွပ်စွဲခံထားရတဲ့ စခန်းတွေ ဖြစ်ပါတယ်။ ဒီစစ် စခန်းတွေဟာ အရင်ကလည်း တိုက်ခိုက်မှု အများအပြားကို စတင်ဖော်ဆောင်ခဲ့တဲ့ နေရာတွေ ဖြစ်ပါတယ်” ဟု အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကနဦး ရရှိထားသည့် အချက်အလက်များအရ ထိုစစ်ဆင်ရေးအတွင်း ကြိုတင် သတ်မှတ်ထားသည့် အဓိက ပစ်မှတ်များကို အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့ကြာင်း ဖော်ပြထားသော်လည်း ထိခိုက်၊ သေဆုံးမှု အသေးစိတ်ကိုမူ ထည့်သွင်း ဖော်ပြခဲ့ခြင်း မရှိပေ။

အာဖဂန်၏ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ပါကစ္စတန်စစ်တပ်နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ကမူ မှတ်ချက်ပေးရန် တောင်းဆိုမှုများကို ချက်ချင်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။

မဟာမိတ်အဖြစ်မှ ရန်သူဖြစ်လာခဲ့ကြသည့် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့ကြား ဖြစ်ပွားနေသော ပဋိပက္ခကြောင့် ယခုနှစ်အတွင်း လူပေါင်းရာချီ သေဆုံးခဲ့ရပြီး၊ တင်းမာမှုများ လျှော့ချရန် တရုတ်နိုင်ငံက ကြားဝင် စေ့စပ်ပေးခဲ့သည့် ကြိုးပမ်းမှုများသည်လည်း ယခုအချိန်အထိ ရလဒ်တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်း မရှိသေးပေ။

Source: CAN