CNI International News

ကာဘူးလ်၊ မတ်လ ၁၈

အာဖဂန်နစ္စတန်နိုင်ငံ၊ ကာဘူးလ် (Kabul) မြို့တော်ရှိ မူးယစ်ဆေးဖြတ်သည့် ဆေးရုံတစ်ရုံကို ပါကစ္စတန်က လေကြောင်း တိုက်ခိုက်ခဲ့သဖြင့် လူပေါင်း ၄၀၀ ကျော် သေဆုံးပြီး ၂၅၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန် တာလီဘန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက မတ်လ ၁၇ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

သေဆုံးသူ စုစုပေါင်း ၄၀၈ ဦး အထိရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၂၆၅ ဦးအထိ ရှိခဲ့ကြောင်း အာဖဂန် ပြည်ထဲရေးဝန်ကြီး ဌာန၏ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူ မာတင်း ကာနီ (Abdul Mateen Qanie) က ပြောကြားခဲ့သည်။

ထိုဖြစ်ရပ်သည် တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံကြား ဖြစ်ပွားနေသော ပဋိပက္ခကို အရှိန်အဟုန် မြင့်တက် လာစေခဲ့သည်။

ပါကစ္စတန်ဘက်ကမူ အာဖဂန်၏ ပြောကြားချက်သည် မှားယွင်းပြီး လိမ်ညာနေခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ကာ မတ်လ ၁၆ ရက် ညပိုင်းက ၎င်းတို့၏ တိုက်ခိုက်မှုသည် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများနှင့် အကြမ်းဖက် သမားများကို ထောက်ပံ့ပေးနေသည့် အခြေခံ အဆောက်အအုံများကိုသာ တိကျစွာ ပစ်မှတ်ထားခဲ့ခြင်းဖြစ် ကြောင်း တုန့်ပြန်ခဲ့သည်။

“တိုက်ခိုက်မှုအပြီးမှာ မြင်တွေ့ခဲ့ရတဲ့ နောက်ဆက်တွဲ ပေါက်ကွဲမှုတွေအရ အဲဒီနေရာမှာ ကြီးမားတဲ့ လက်နက် ခဲယမ်း သိုလှောင်ရုံတွေ ရှိနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြနေပါတယ်”ဟု ပါကစ္စတန် ပြန်ကြားရေး ဝန်ကြီး အက်တာအူလာ တာရာ (Attaullah Tarar) က X လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်ကြား တင်းမာမှုများကို လျှော့ချရန်၊ နှစ်ဖက်စလုံး အနေဖြင့် စစ်ပွဲကို ချဲ့ထွင်ခြင်း မပြုဘဲ ဆွေးနွေးပွဲ စားပွဲဝိုင်းသို့ ပြန်လာကြရန် တရုတ်နိုင်ငံက တိုက်တွန်းပြောကြားပြီး နာရီပိုင်းအကြာမှာပင် ထိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 ပါကစ္စတန်တိုက်ခိုက်မှု ခံလိုက်ရစဉ်

ပြီးခဲ့သည့်လက စတင်ခဲ့သော ထိုပဋိပက္ခသည် ကီလိုမီတာ ၂၆၀၀ (မိုင် ၁၆၀၀) ရှည်လျားသော နယ်စပ်ချင်း ထိစပ်နေသည့် အိမ်နီးချင်း နှစ်နိုင်ငံကြား သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ပဋိပက္ခဖြစ်သည်။

တရုတ် အပါအဝင် မိတ်ဖက်နိုင်ငံများ၏ ကြားဝင်ဖျန်ဖြေ ပေးမှုများကြောင့် တိုက်ပွဲများ ယာယီငြိမ်သက် သွားခဲ့သော်လည်း ရာမာဒန် ဥပုသ်လ အဆုံးသတ်ကို အထိမ်းအမှတ်ပြုသည့် အိဒ်ပွဲတော် (Eid al-Fitr) မတိုင်မီ ရက်ပိုင်းအလိုတွင် ယခုကဲ့သို့ တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခြင်း ဖြစ်သည်။

လက်ရှိ ပါကစ္စတန်-အာဖဂန် ပဋိပက္ခအရ အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြား ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် မတည်ငြိမ်မှုများ ပိုမိုကျယ်ပြန့်လာသည်ကို ပြသရာရောက်နေသည်။

Source: ရိုက်တာ