CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၈
မြန်မာနိုင်ငံတွင် တပ်မတော် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး လက်နက်ဖြုတ်ပြီး စုပေါင်းရန်မှာ မလွယ်ကူကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်း ဌာနသို့ ပြောသည်။
တပ်မတော် အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းအားလုံး လက်နက်စွန့်လွှတ်ပြီး နိုင်ငံတော်တပ်မတော် တစ်ခု တည်းအဖြစ် အောင်မြင်စွာ စုပေါင်းဖွဲ့စည်းနိုင်ခဲ့သည့် သာဓကများ ကမ္ဘာ့သမိုင်းတွင် ရှိခဲ့သည်။
သီရိလင်္ကာ၊ ဆွစ်ဇာလန်၊ နီပေါ၊ ကမ္ဘောဒီးယားနှင့် တောင်အာဖရိက နိုင်ငံတို့သည် တပ်မတော်နှင့် လက်နက်ကိုင် တပ်ဖွဲ့များ ကို စုပေါင်းကာ နိုင်ငံ၏ တစ်ခုတည်းသော တပ်မတော်အဖြစ် လုပ်ဆောင်နိုင်ခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ ဖြစ်လာနိုင်ရန်အတွက် ဦးစွာဆွေးနွေးရမှာဖြစ်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် နယ်လ်ဆင်မန်ဒဲလားနှင့် ဒက်စမန်တူးတူး တို့ကဲ့သို့ ခေါင်းဆောင်မျိုး မရှိသေးသဖြင့် လက်နက်ဖြုတ်၍ စုပေါင်းခြင်းသည် မြန်မာနိုင်ငံ၌ မလွယ်ကူကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နံပါတ်တစ်က ဆွေးနွေးရမှာပေါ့။ ဒါပေမယ့် နံပါတ်နှစ်ကတော့ ကျနော်တို့ဆီမှာ အခုလောလောဆယ် နယ်လ်ဆင်မန်ဒဲလား တို့လို၊ ဒက်စမန်တူးတူး (Desmond Tutu) တို့လို ပုဂ္ဂိုလ်မျိုး၊ ခေါင်းဆောင်မျိုးကလည်း မရှိ သေးဘူးပေါ့။ မရှိတဲ့အခါကြတော့ အခုလောလောဆယ်မှာ အဲဒီလို လက်နက်ဖြုတ်ပြီးတော့မှ ပြန်ပြီးတော့မှ စုပေါင်းတယ် ဆိုတာမျိုးကတော့ ကျနော်တို့ နိုင်ငံမှာတော့ ချက်ချင်းဖြစ်ဖို့ မလွယ်ဘူးပေါ့။ ဒါက တဆင့်ပြီးတဆင့် သွားရမယ့်ကိစ္စ ဖြစ်တယ်။ သို့သော်လည်းပဲ တဆင့်ပြီးတဆင့် ဖြစ်သွားတဲ့ အတွက်ကြောင့်မို့လို့ ကိုယ်က တစ်ခါ တည်း စိတ်အလောကြီးပြီးမှ အကုန်ဖြုတ်ကွာ၊ ငါတော့ အရင်ဖြုတ်မယ်၊ ငါဖြုတ်ရင် မင်းတို့လည်း ဖြုတ်ကွာဆို တာမျိုး လုပ်တာလည်း ရှိကောင်းရှိနိုင်တယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျနော်တို့ဆီမှာ အလျင်စလိုလုပ်ဖို့ မသင့် ဘူးပေါ့။ အလျင်စလို လုပ်တဲ့အခါကြတော့ အခက်အခဲတွေ၊ အသေးစိတ်တွေ တချို့ကို ကျနော်တို့က ကျော်သွား နိုင်တယ်။ မကြည့်ဘဲနဲ့ ကျော်သွားနိုင်တယ်။ အဲဒီအခါကြတော့ နောက်ပိုင်းမှာ အခက်အခဲတွေ ဒီထက်ပိုကြီးလာ တာ တွေ့တယ်ဆိုရင် အဲဒီအချိန်မှာ ကျော်လွှားဖို့ ခက်သွားမယ်ပေါ့။ ဘယ်နည်းနဲ့မဆို ကျနော်တို့ ဆွေးနွေးဖို့ လိုပါ တယ်။ တွေ့ဆုံဆွေးနွေးပြီးတော့မှ အကောင်းဆုံး နည်းလမ်းကို သုံးနိုင်ပါတယ်။ အခု ကျနော်ပြောခဲ့တဲ့ ဆွစ်နည်း လမ်း၊ နောက်ပြီးတော့ ခင်ဗျားပြောတဲ့ တောင်အာဖရိက နည်းလမ်းတွေ ဘယ်လို ဆက်စပ်ပြီးတော့မှ ယူမလဲဆို တာတွေ စဉ်းစားပေါ့။ နီပေါလုပ်တဲ့ နည်းလမ်းတွေလည်း အကုန်လုံး လေ့လာပြီးတော့မှ ကျနော်တို့ ပေါင်းစပ်ပြီး တော့မှ လုပ်နိုင်ပါတယ်။ ငါတို့လုံးဝ မတိုက်ဘူးဆိုတော့ သဘောတူဖို့ လိုတယ်” ဟု ပြောသည်။

မြန်မာ့တပ်မတော်ကို တွေ့ရစဉ်
မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေနှင့် သမိုင်းကြောင်းအရ ကြည့်လျှင် လက်နက်ကိုင် အဖွဲ့အားလုံးကို တပ်မတော် တစ်ခုတည်းအောက် စုစည်းရန်မှာ မဖြစ်နိုင်ခြင်း မဟုတ်သော်လည်း အင်မတန် စိန်ခေါ်မှုကြီးမားပြီး ခက်ခဲသည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်များ၊ နွေဦးတော်လှန်ရေး အင်အားစုများ၊ ပြည်သူ့စစ်များ၊ နယ်ခြားစောင့်တပ်ဖွဲ့များ စသဖြင့် လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ရာနှင့်ချီ ရှိနေကြောင်း၊ ထိုလက်နက်ကိုင် ပေါင်းများစွာ တည်ရှိနေသော မြန်မာနိုင်ငံအား ဒီမိုကရေစီ ထွန်းကားရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေး အားလုံး ကြွေးကြော် တည်ဆောက်လျက်ရှိသည်။
နှစ်ပေါင်း ၇၀ ကျော် ၈၀ နီးပါး တိုက်ခိုက်လာခဲ့ကြခြင်း ဖြစ်သည့်အတွက် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှု တည်ဆောက်ရန် အလွန်ခက်ခဲကာ ယခင်ကလည်း နယ်ခြားစောင့်တပ် (BGF) ပုံစံမျိုးဖြင့် ပေါင်းစည်းရန် ကြိုးစားခဲ့ဖူးသော်လည်း အောင်မြင်မှု မရခဲ့သည့် အခင်းအကျင်းဖြစ်သည်။
လက်ရှိတွင်လည်း လက်နက် ဆက်ကိုင်ချင်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် တပ်မတော်နဲ့ အတူ နယ်ခြားစောင့်တပ်ဖွဲ့(BGF)များတွင် တာဝန်ထမ်းဆောင်ခွင့်ပေးမည်ဟု ဖိတ်ခေါ်လျက်ရှိပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကမူ ထိုပုံစံကို လက်မခံကြကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အနေအထားသည် အခြားနိုင်ငံများနှင့် မတူညီသည့်အတွက် ပုံတူကူးချ၍ မရသည့် အနေအထား မျိုး ဖြစ်ကြောင်း၊ လက်နက်များ ကိုင်ထား၍ လိုချင်သည့် ဖက်ဒရယ်ပြည်ထောင်စု ဆိုသည်ကို ပွင့်ပွင့်လင်းလင်း စားပွဲဝိုင်းတွင် မျက်နှာချင်းဆိုင် ပြောဆိုနိုင်ကြရန် အရေးကြီးကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

တော်လှန်ရေးအင်အားစုကို တွေ့ရစဉ်
၎င်းက “မြန်မာနိုင်ငံ အနေအထားကတော့ တခြားနိုင်ငံတွေရဲ့ အနေအထားနဲ့ မတူညီဘူး။ တခြားနိုင်ငံတွေကို ပုံတူကူးချလို့လည်း မရနိုင်တဲ့ အနေအထားမျိုး ဖြစ်တယ်။ မြန်မာနိုင်ငံ သမိုင်းကြောင်းက တခြားနိုင်ငံတွေရဲ့ သမိုင်းကြောင်းနဲ့ မတူဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင်တွေရဲ့ အကျိုးစီးပွား၊ လက်နက်ကိုင်တွေရဲ့ စိတ် ဓာတ်၊ လက်နက်ကိုင်တွေရဲ့ သမိုင်းကြောင်းဆိုင်ရာ ခံယူချက်ပေါ့။ အဲဒါတွေက တခြားနိုင်ငံက လက်နက်ကိုင် တွေနဲ့ လုံးဝကွဲပြားတယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံဟာ ခုနက နိုင်ငံတွေအတိုင်း လုပ်လို့တော့ မဖြစ်နိုင်ဘူးပေါ့။ ဘာပဲ ဖြစ်နိုင်မလဲဆိုတော့ အားလုံး တွေ့ဆုံဆွေးနွေး ပြီးမှပဲ အလုပ်ဖြစ်မယ်။ အားလုံးက လက်နက်တွေကို ကိုင် ထားလည်း ရတယ်၊ ခဏထားခဲ့လည်း ရတယ်။ စားပွဲဝိုင်းမှာ ထိုင်ပြီးတော့ လိုချင်တဲ့ ဖက်ဒရယ်နိုင်ငံ၊ လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ ဘာလဲဆိုတာကို ပွင့်ပွင့်လင်းလင်းနဲ့ ကိုယ်အကျိုးစီးပွားကို ပဓာန မထားဘဲနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ကြဖို့ အရေးကြီးတယ်။ မျက်နှာချင်းဆိုင်ကြဖို့ အရေးကြီးတယ်၊ တွေ့ဆုံဆွေးနွေးကြဖို့ အရေးကြီးတယ်။ ဒါကြောင့်မို့လို့လည်း စားပွဲဝိုင်းကို လာကြပါ၊ လာကြပါဆိုပြီးတော့ နိုင်ငံတကာကလည်း တောင်းဆိုနေကြတာ ဖြစ်တယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံရဲ့ အနေအထားက တခြားနိုင်ငံတွေနဲ့ ယှဉ်ပြီးတော့တော့ ပြောလို့တော့ မရဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၈ တွင် နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့ အားလုံး သည် တပ်မတော်၏ ကွပ်ကဲမှုအောက်၌ ရှိရမည်ဟု ပြဋ္ဌာန်းထားသည်။
ထို့ကြောင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား နယ်ခြားစောင့်တပ်ဖွဲ့(သို့မဟုတ်) ပြည်သူ့စစ်တပ်ဖွဲ့ဆိုသည့် နည်းလမ်းအစား အမျိုးသားအစောင့်တပ်ဖွဲ့(သို့မဟုတ်) ပြည်နယ်အစောင့်တပ်ဖွဲ့ ပုံစံမျိုးဖြင့် ဆွဲဆောင်စည်းရုံး၍ ငြိမ်းချမ်းရေးကို တည်ဆောက်သင့်လား ဆိုသည့်အပေါ် စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
