CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၈
၁၉၄၇ ခုနှစ်က တိုင်းရင်းသားပေါင်းစုံ ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ကို ပစ်ပယ်ထားပါက မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခကို မရပ်တန့်နိုင်သလို ငြိမ်းချမ်းရေးလည်း မရနိုင်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွင် ပါဝင်ဆောင်ရွက်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
ဗြိတိသျှကိုလိုနီ လက်အောက်ကနေ လွတ်လပ်ရေး ရယူပြီး မြန်မာနိုင်ငံအဖြစ် တည်ထောင်ရန်အတွက် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဗမာမဟုတ်သော တိုင်းရင်းသား ခေါင်းဆောင်များကြား ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် တောင်တန်း-ပြည်မ ပေါင်းစည်းရေး ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။
ထိုနေ့ကို ပြည်ထောင်စုနေ့ဟု သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့သော်လည်း ပင်လုံစာချုပ်ပါ သဘောတူညီ ချက်များမှာ ယနေ့အထိ အကောင်အထည် မဖော်နိုင်ဘဲ ဖြစ်နေသည်။
ပင်လုံစာချုပ်အရ ပူးပေါင်းပြီး အသစ်ဖွဲ့စည်း ထူထောင်မည့် ပြည်ထောင်စုတွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းတောင်တန်းဒေသများတွင် မိမိတို့နယ်မြေအတွင်း အုပ်ချုပ်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိစေရန် “မူ” အားဖြင့် သဘောတူကြသည်။

ငြိမ်းချမ်းရေးအတွက် ပင်လုံကြွေးကြော်မှုကို တွေ့ရစဉ်
ထို့အတူ ပြည်မ ဗမာလူမျိုးတို့နှင့် အဆင့်အတန်းတူ၊ အခွင့်အရေးတူ၊ ရပိုင်ခွင့်တူ၊ ဒီမိုကရေစီကျကျ ခံစားခွင့်ရှိ ရမည်ဟုလည်း ပါရှိသည်။
မြန်မာနိုင်ငံတွင် ပင်လုံစာချုပ်အား ပစ်ပယ်ထားသည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း၊ ပင်လုံစာချုပ်ကို အကောင် အထည် မဖော်ပါက ငြိမ်းချမ်းရေး မရနိုင်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် ပါဝင်ဆောင်ရွက်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့နိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းဖို့ဆိုရင် ကျနော်တို့ ပင်လုံစာချုပ်ကို ရေးဆွဲကတည်းက အတည်ပြု ပြီးကတည်းက ဆေးနည်းပေးပြီးသားပေါ့နော်။ ဆေးနည်းပေးပြီးသားကို ကျနော်တို့ မသုံးခဲ့လို့ ဒီလိုပြဿနာတွေ ဖြစ်တာပေါ့နော်။ အဲဒီဆေးနည်းကို သုံးဖို့လိုပါတယ်။ ဆေးနည်းက ဘာလဲဆိုတော့ အားလုံးနဲ့ဆိုင်တဲ့ ပြဿနာကို အားလုံးပေါင်းပြီးတော့မှ စီမံခန့်ခွဲဖို့လိုတယ်။ ကိုယ်နဲ့ဆိုင်တဲ့ ပြဿနာကို ကိုယ့်ပါ့သာကိုယ် စီမံခန့်ခွဲဖို့ လိုတယ်။ ဖက်ဒရယ်စနစ်ကို ထူထောင်တဲ့နိုင်ငံတိုင်း အသုံးပြုရမယ့် နည်းဖြစ်တယ်။ ဒီနည်းကို ပင်လုံစာချုပ်က ပြဋ္ဌာန်းပြီး ဖြစ်တယ်။ ဒီပြဋ္ဌာန်းတဲ့နည်းကို ကျနော်တို့က အားလုံးဝိုင်းသုံးလို့ရှိရင် ဒီပြဿနာကို ဖြေရှင်းလို့ရတယ်။ ကျနော်တို့ နိုင်ငံကို ပြည်ထောင်စုနိုင်ငံ ဖြစ်ချင်တယ်လို့ အားလုံးပြောနေကြတယ်။ ပြည်ထောင်စုနိုင်ငံကို ဖြစ်ချင်တယ်ဆိုရင် သူ့ရဲ့ပေတံက ပင်လုံပဲ။ ပင်လုံက ဘာပြောထားလဲဆို အားလုံးနဲ့သက်ဆိုင်တဲ့ကိစ္စမှာ အားလုံးက စီမံခန့်ခွဲဖို့ လို တယ်။ ကိုယ်နဲ့ပတ်သက်တဲ့ ကိစ္စကို ကိုယ့်ပါ့သာ စီမံခန့်ခွဲဖို့ဆိုတာ ပင်လုံက ပေးထားတယ်။ ဒါကို စွန့်ပစ်ထားခဲ့ တာ ကြာပြီ။ ဒါကိုပြန်သုံးဖို့ လိုတယ်။ အခုဖြစ်နေတာက ကိုယ်နဲ့ဆိုင်တဲ့ ပြဿနာကိုလည်း ကိုယ်က လုပ်ချင် တယ်ဆိုတဲ့ အပိုင်းရှိတယ်။ အများနဲ့ဆိုင်တဲ့ ပြဿနာကိုတော့ ကိုယ်က မပါချင်ဘူးဆိုတဲ့ လူတွေလည်းရှိတယ်။ တချို့ကျတော့ အများနဲ့ဆိုင်တဲ့ဟာကလည်း ငါပိုင်တယ်။ သူတို့နဲ့ဆိုင်တဲ့ဟာကလည်း ငါပါတယ်ဆိုတဲ့ဟာမျိုး လည်း ရှိတယိ။ အဲဒီလိုနည်းနဲ့ ဖြေရှင်းမယ်ဆိုရင် ဘယ်နည်းနဲ့မှ ဖြေရှင်းလို့မရနိုင်ပါဘူး” ဟု ပြောသည်။
ပင်လုံစာချုပ် ချုပ်ဆိုခဲ့စဥ်က နိုင်ငံရေး အခင်းအကျင်းနှင့် လက်ရှိ နိုင်ငံရေး အခင်းအကျင်းမှာ မတူညီတော့ ကြောင်း၊ ပင်လုံစာချုပ်နှင့် ပင်လုံကတိကဝတ်အရ နိုင်ငံကို ပြန်လည် တည်ဆောက်ရန် လိုအပ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ထို့ပြင် ပင်လုံစာချုပ် သဘောတူညီချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း မရှိသောကြောင့် နှစ်ပေါင်း (၇၀) ကျော် ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီး နိုင်ငံရေး မတည်ငြိမ်မှုများ၊ စီးပွားရေး ကျဆင်းမှုများ ကြုံတွေ့ နေရခြင်း ဖြစ်သည်ဟုလည်း ၎င်းတို့က ထောက်ပြကြသည်။

ငြိမ်းချမ်းရေးအတွက် ပင်လုံကြွေးကြော်မှုကို တွေ့ရစဉ်
အဓိကအားဖြင့် ဒီမိုကရေစီသည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး အာမခံချက် အပြည့် အဝ ရှိသည့် ပြည်ထောင်စုကို တည်ဆောက်မည်ဆိုပါက လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာသည့် ပင်လုံစာချုပ်၏ အရေးပါမှုကိုလည်း မျက်ကွယ်ပြု၍ မရနိုင်ကြောင်း 7 EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ရဲ့ လွတ်လပ်ရေးရပြီး သမိုင်းကြောင်း တစ်လျှောက်မှာပေါ့လေ၊ လွတ်လပ်ရေးနဲ့အတူ မွေးဖွား လာတဲ့ ပင်လုံစာချုပ်ရဲ့ အရေးပါမှုကိုလည်း ကျနော်တို့ မျက်ကွယ်ပြုလို့တော့ မရပါဘူး။ ဆိုတော့ကာ ကျနော်တို့ နိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုလို့ပဲ ခေါ်ခေါ်၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုလို့ပဲခေါ်ခေါ် အဓိက,ကတော့ ဒီမိုကရေစီသည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့် အရေး အာမခံချက် အပြည့်အဝရှိတဲ့ ပြည်ထောင်စုကို တည်ဆောက်ကြမယ်ဆိုရင်တော့ ခုနက ပြည်ထောင်စုကို မွေးဖွားခဲ့ဖူးတဲ့ မွေးဖွားပေးလိုက်တဲ့ ပင်လုံစာချုပ်ကိုလည်းပဲ ကျနော်တို့ မျက်ကွယ်ပြုလို့ မရဘူးလို့တော့ ကျနော့် အနေနဲ့ အဲဒီလိုပဲ နားလည်တယ်။ ခုနက ကျနော်တို့ တိုင်းရင်းသားတွေ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီနှင့် အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်။ ဆိုတော့ ကျနော်တို့ ပြောနေတဲ့ ဒီအနာဂတ်ဖက်ဒရယ် ပြည်ထောင် စုက အဲဒီနာမဝိသေန ဆယ်ခုနဲ့ ပြည့်စုံတဲ့ ပြည်ထောင်စုကို ပြောနေတာ ဖြစ်တယ်။ အဲဒီ နာမဝိသေသန ဆယ်ခု ထဲမှာ ဆိုရင်လည်းပဲ ပင်လုံစိတ်ဓာတ်နဲ့အညီလို့ အတိအကျ ပြောဆိုကောက်နှုတ် ရေးသားလာတာ ဖြစ်တဲ့အတွက် ကြောင့်မို့လို့ အရေးပါမှုကတော့ မနည်းပါဘူး ဆိုတာကိုတော့ အဲဒီလိုပဲ နားလည်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ပင်လုံစာချုပ်အရ ပြည်ထောင်စုတစ်ခုကို တည်ထောင်ခဲ့သည်မှာ (၇၉)နှစ် ပြည့်ပြီးခဲ့ပြီ ဖြစ်သော် လည်း မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခမှာ ချုပ်ငြိမ်းနိုင်ခြင်း မရှိသေးဘဲ ပိုမို ပြင်းထန်စွာဖြစ်ပွားနေသည်။
ထို့နောက် တချို့သော လက်နက်ကိုင်များက ဖက်ဒရယ်ထက် ကျော်လွန်း စဉ်းစားလာသလို တချို့က ခွဲထွက်ရေး အထိ စဉ်းစားချုပ်များပင် ရှိလာနေကြသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးအတွက် မြန်မာ့တပ်မတော်နှင့် လက်နက် ကိုင်များကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ဖြင့်လည်းကောင်း၊ တစ်ဖွဲ့ချင်းစီ ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(Bilateral)ဖြင့်လည်းကောင်း ချုပ်ဆိုထားကြသည်။
