CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၉
ဒတ်ချ်လူမျိုးနည်းပြ အာနီဆလော့လက်ထက် လီဗာပူးလ်အသင်းမှာ စိတ်ပျက်စရာတွေကြုံတွေ့ခဲ့ရတဲ့ အီတလီ တောင်ပံကစားသမား ချီယေဆာက အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းထံ ပြန်သွားချင်တဲ့ ဆန္ဒကို အတည်ပြု ခဲ့ပါတယ်။
ချီယေဆာက “ကျနော် ဂျူဗင်တပ်စ်ကို ပြန်လာချင်ပါတယ်။ ဂျူဗင်တပ်စ်က ကျနော့်ရဲ့နှလုံးသားထဲမှာ အမြဲတမ်း ရှိပြီး ပြန်လာချင်ပါတယ်။ ဂျူဗင်တပ်စ်နဲ့ ငွေကြေးအကြောင်း ဘယ်တုန်းကမှ မဆွေးနွေးဖူးခဲ့သလို ဒီလိုမျိုး ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး” လို့ La Gazzetta dello Sport နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ချီယေဆာဟာ ၂၀၂၄ ခုနှစ်မှာ ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာပြီး လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိကစားသမားဟာ လီဗာပူးလ်အသင်းမှာရှိခဲ့တဲ့ ၂ ရာသီအတွင်း ပွဲကစားချိန်ရဖို့ ရုန်းကန်ခဲ့ရပြီး ပွဲပေါင်း ၅၀ ကစားခဲ့တာမှာ ၅ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ကစားသမား ချီယေဆာကို တွေ့ရစဉ်
ချီယေဆာနဲ့ လီဗာပူးလ်အသင်းရဲ့အနာဂတ်ဟာ မရေမရာဖြစ်နေပြီး သူကတော့ စီးရီးအေပြိုင်ပွဲထံ ပြန်သွားချင်နေတာပါ။
ချီယေဆာဟာ ဂျူဗင်တပ်စ်အသင်းမှာ လုပ်ခလစာ တောင်းဆိုခဲ့တယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့တာကို ငြင်းဆန်ခဲ့သလို အသင်းဘက်က သူ့ကို ထွက်ခွာဖို့ တွန်းအားပေးခဲ့တာလို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် ချီယေဆာက ဂျူဗင်တပ်စ်အသင်းထံ ပြန်သွားချင်နေပါတယ်။

ကစားသမား ချီယေဆာကို တွေ့ရစဉ်
ချီယေဆာနဲ့ လီဗာပူးလ်အသင်းစာချုပ်ဟာ ၂၀၂၈ ခုနှစ်ရာသီကုန်အထိ သက်တမ်းရှိနေတာပါ။
ချီယေဆာကတော့ သူဟာ လီဗာပူးလ်အသင်းနဲ့ အမေရိကန်ရာသီကြိုလေ့ကျင့်ရေးစခန်းသွားပြီးရင် ကလပ်၊ နည်းပြသစ် အီရာအိုလာတို့နဲ့ စကားပြောသွားမယ်လို့ ပြောထားပါတယ်။
ဒါ့အပြင် ချီယေဆာက သူ့အတွက် အရေးကြီးတာက ဘောလုံးကစားခွင့်ရဖို့ဖြစ်ပြီး ဘယ်နေရာမှာမဆို နေရာတစ်နေရာအတွက် တိုက်ပွဲဝင်ဖို့အသင့်ပဲလို့ ပြောခဲ့ပါတယ်။
